34

3.4K 789 231
                                    

"မမကြူ ... သော်လာမှာပါနော်"

ကားပေါ် မမကြူကို တမံပြောတော့

"လာမှာပေါ့ မံရယ်၊ မံနဲ့ပြောပြီးသားမဟုတ်လား"

"တကယ်တော့"

မံပြောပြဖို့ပြင်နေတုန်း မမကြူဖုန်းဝင်လာ၍ စကားစပြတ်သွားသည်။ မမကြူက ဖုန်းပြောနေ၏။ ကော်ဖီဆိုင်မှာ နောက်ဆုံးတွေ့ပြီးတဲ့နေ့တည်းက မံကို သော်အဆက်အသွယ်မလုပ်ခဲ့ဘူး။ ဒီပွဲအကြောင်းလည်း သော်နဲ့မံ မပြောရသေးဘူး။

သော်ဘာသာသိပြီး အချိန်တန် ပွဲတက်ရန် မံကို အိမ်လာခေါ်မယ်လို့ ထင်ထားသော်လည်း တကယ်တမ်းရောက်လာတာ မမကြူသာဖြစ်သည်။

သော် မလာဘူးလား။ မံကို ပစ်ထားပြီလား။ ငါ့ကြောင့်ဖြစ်လာတဲ့မင်း၊ ငါမရှိဘဲနဲ့ မင်းဘာသာမင်း ရပ်တည်ကြည့်စမ်းရယ်လို့ ပညာပြနေတာလား။

မံ တွေးရင်း ဝမ်းနည်းလာသည်။ တစ်လောကလုံးနဲ့ရန်သူဖြစ်ရလည်း သော်နဲ့တော့ အဆင်ပြေချင်ခဲ့တာ။ အောက်နှုတ်ခမ်းကို နာနာကျင်ကျင် ဖိကိုက်ထားသည်အား ကားပြတင်းဘောင်ပေါ် လက်ထောက်၍ ကွယ်ထားမိသည်။

သော်ကြောင့် မံ တစ်ခါမှ မပူပန်ခဲ့ရဘူး။ မံအတွက် သော်က အမြဲအဆင်သင့်ရှိပေးနေခဲ့သည်။ အမြဲ မံကသာ သော်ကို နိုင်စားလာတာ။ အခုတော့ သော်ကို ဖုန်းတချက်စဆက်ဖို့ မံ စိုးရွံ့နေရ၏။ မံကလည်း လုပ်ချင်လို့ လုပ်ခဲ့တာမှ မဟုတ်တာ သော်ရယ်။

လိုရာရောက်၍ ကားပေါ်ကဆင်းပြီး ကင်မရာမီးတွေတဖျတ်ဖျတ်ကြိုဆိုနေသော ကော်ဇောနီပေါ် တိမ်တမံတစ်ယောက်တည်း လျှောက်လာသည်။ စိတ်လှုပ်ရှားမိသမျှ လက်သီးတင်းတင်းဆုပ်ထားလျက် မရယ်မပြုံးသော မျက်နှာတည်တည်ကြီးကို အံကြိတ်ထား၏။

တိမ်တမံအတွက် ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးဆိုင်ရာ ရုပ်သံလိုင်းက တရားဝင် ဖိတ်ကြားသော ဆုပေးပွဲကို အနုပညာရှင်များနှင့်တန်းတူရည်တူ ကောဇောနီပေါ်ဖြတ်လျှောက်၍ တက်ရောက်ရသည့် အတွေ့အကြုံ။

"တမံ"

ကောဇောနီပေါ် လျှောက်လာရင်း ကင်မရာမီးရောင်တွေအောက် ခြေလှမ်းမမှားမိအောင် ကိုယ့်စိတ်နဲ့ကိုယ် အထူးသတိထားနေရ၍ ဦးမမော့နိုင်သော တိမ်တမံကို အနောက်မှာကပ်ပါလာသော မမကြူက လက်ဖမ်းဆွဲလိုက်သောအခါ လန့်သွားရ၏။

Chillحيث تعيش القصص. اكتشف الآن