38

3.5K 705 228
                                    

သုံးရက်နှစ်ညအိပ်ရိုက်ကူးရေးပြီးနောက် ကျောပိုးအိတ်အကြီးကြီးကို ပခုံးပေါ်ထမ်းပြီး ကားပေါ်ကဆင်းတော့မည့် သူ့လက်ကို တယံဖမ်းဆွဲလိုက်သည်။ ကားတံခါးပွင့်သွားပြီး သူက ခေါင်းငဲ့ကာ ဖမ်းဆွဲထားသော တယံလက်မှတဆင့် မျက်နှာကို အနောက်လှည့်ကြည့်လာ၏။

"နေ့ရက်တိုင်းအတွက် ကျေးဇူးတင်ပါတယ် လူကြီး"

ကုန်ပစ္စည်းကြော်ငြာသကဲ့သို့ ပြောပြီးခါမှ တယံရှက်သွားသည်။ သူက သုံးရက်နှစ်ညဆက်တိုက် ပင်ပန်းခဲ့ပြီး အိပ်ရေးပျက်ခဲ့လို့ထင် မျက်တွင်းနှစ်ဖက် ချိုင့်ခွက်ဝင်ကာ မျက်ကွင်းညိုနေပြီ။ အမြဲရဲနေတတ်သည့် သူ့နှုတ်ခမ်းပါးသည် ဖြူဖက်ဖြူရော် ခြောက်သွေ့နေလျက် နှုတ်ခမ်းစွန်းနှစ်ဖက် တန်းသွားပြီး ခေါင်းညိမ့်လာ၏။ သူ့အပြုံးတို့က နွမ်းလျအားဖျော့နေသည်။

"လူကြီး အကူအညီသာ မရှိခဲ့ရင် တယံအတွက် အခက်ခဲဆုံးနေ့တွေဖြစ်မှာပဲ"

သူသည်ခပ်ပြုံးပြုံးပဲ တယံ ခေါင်းကို လှမ်းပွတ်သပ်လိုက်သည်။ သူက တယံကို အသည်းယားလာတိုင်း ထိုကဲ့သို့ ပြုမူလေ့ရှိတာ သတိထားမိ၏။

"တော်သေးတာပေါ့ ... တယံကို ကူညီပေးနိုင်ခဲ့လို့၊ တယံအတွက် အနှောက်အယှက်ဖြစ်မှာ တကယ်အားနာနေခဲ့တာ၊ တို့ကြောင့် တယံရခဲ့တဲ့ အခက်အခဲတွေနဲ့ယှဉ်ရင် တို့ ကူညီပေးနိုင်တာ အသေးအဖွဲပါ၊ သွားတော့မယ်၊ ရိုက်ကူးရေး ပြန်စတဲ့နေ့မှ တွေ့မယ်၊ နားရက်မှာ တဝကြီးနားလိုက်ဦး ယံယံ"

"လူကြီးလည်း ကောင်းကောင်းအနားယူပါ အများကြီးပင်ပန်းခဲ့တာ မဟုတ်လား"

တယံပါးတစ်ဖက်ကို ပွတ်သပ်သွားပြီး ကားပေါ်က ဆင်းသွား၏။

"ခဏ ... ခဏလောက် နေပေးပါဦး"

သူဆင်းသွားပြီးနောက် ချက်ချင်း ဘီးလှိမ့်စပြုနေသည့် ကားဒရိုင်ဘာကို တယံတားမြစ်လိုက်သည်။ Kyleကျောနောက်မှာ ကပ်ပါသွားသော မျက်လုံးတို့က နေရာမရွေ့နိုင်သေး။ ခြေလှမ်းဖြည်းဖြည်းချင်းလှမ်းလျက် အထဲဝင်သွားသော သူ့ကို ကားပေါ်ကနေ မြင်ရသ‌လောက် တယံလိုက်ကြည့်နေမိသည်။

ChillWhere stories live. Discover now