61

2.1K 333 93
                                    

"Kyleကိုယ်တိုင် တိမ်တမံကို အိမ်ရှေ့ထိ လိုက်ပို့တယ်၊ အိမ်ရှေ့ထိရောက်ပြီး တော်တော်ကြာတယ် သူတို့နှစ်ယောက် ကားပေါ် အတူတူရှိနေခဲ့ကြတယ်"

ကိုယ့်မန်နေဂျာကို ဒီလိုအလုပ်တွေအထိ တာဝန်မပေးချင်သော်လည်း ကိုယ်တိုင်လုပ်မရ၍ အခြားအားကိုးရမည့် ကိုယ်ခွဲမှာ ကိုစံလင်းအပြင် မရှိသည်မို့...။

"ဒီနေ့ပင်ပန်းသွားပြီ အစ်ကို မနက်ဖြန် ကျွန်တော်တို့ တွေ့ကြမယ်"

Zylenဖုန်းချပြီးနောက် တစ်ချိန်လုံး နားစွင့်နေသော ရဲရဲက အနားတိုးကပ်လာ၏။

"Zylenဘာတွေလုပ်နေတာလဲဟင် ရဲရဲလိုက်မမှီတော့ဘူး၊ Kyleနဲ့မံကို နှစ်ယောက်တည်းအတူရှိဖို့ အခွင့်အရေး Zylenကိုယ်တိုင် ဖန်တီးပေးနေတာ ဘာလို့လဲ"

Zylenကြောင့် အကောင်းကြီးကနေ နေမကောင်းဖြစ်ပေးလိုက်ရသော ရဲရဲနှင့် ယနေ့အဖို့ တမံဆီ ပြန်မသွားဖြစ်သည့် ဦးတင်ကိုဦးက Zylenဖြေရှင်းချက်ကို အသဲတယားယား စောင့်ငံ့နေရသည်။ တမံကိုကြောက်ရသလို Zylenကို မလွန်ဆန်နိုင်။ မမကြူပင် Zylenစည်းတားလျှင် ထိုစည်းကို မကျော်ဝံ့တာ၊ သူတို့နှစ်ယောက် ပိုဆိုး၏။

Zylenစကားနားထောင်၍ တမံထံမှ အလုပ်ထုတ်ခံရနိုင်စရာ အကြောင်းမရှိသော်လည်း Zylenနှင့် အလိုတူအလိုပါဖြစ်ခဲ့ပြီမို့ ဒီမေးခွန်းကို သိထားရန် မေးသင့်သည်ဟုထင်သည်။ ဒီနေ့တစ်နေကုန် Kyle MVရိုက်ကွင်း၌ တမံကိုတစ်ယောက်တည်းရှိစေကာ ကိုစံလင်းကို အဝေးကနေ တစ်ချိန်လုံး စောင့်ကြည့်နေရန် Zylen ညွှန်ကြားခဲ့၏။

လက်ထဲကဖုန်းကို ဘယ်နားချလို့ချရမှန်းမသိ လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း Zylenသည် တော်တော်ကြာအောင် တိတ်ဆိတ်နေ၏။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ကင်းမဲ့သော ပုံစံကို Zylenထံ ပထမဆုံး မြင်တွေ့လိုက်ရခြင်း..။ သူ့ဟာနှင့်သူ ထွေပြားနောက်ကျိနေသော Zylenကို ရဲရဲတို့နှစ်ယောက်ကပါ အတင်းအကြပ် မလုပ်ရဲ။ စိတ်ရှည်ရှည်ထား၍ အလိုက်တသိနေနေရသည်။

"Kyleက .... Kyleက ပြောလို့မရဘူး"

မိနစ်ပိုင်းအချို့ကုန်လွန်ကာမှ Zylenအသံထွက်လာသည်။ ရဲရဲတို့ကို တိုင်ပင်ဖော်တိုင်ပင်ဖက်အနေနှင့် ရင်ဖွင့်ပြောဆိုနေတာမျိုးမဟုတ်။ သူ့ကိုယ်သူ ရေရွတ်နေသလို...

ChillWhere stories live. Discover now