47

2.2K 386 142
                                    

"Morning မမကြူ ဒီနေ့ PROမှာ တိမ်တမံ Training ရှိလို့လား"

CEOရုံးခန်းကနေ Kyleတောင်းခိုင်းသည့် စာရွက်စာတမ်းတို့ကို သွားယူပြီး ပြန်အလာလမ်း၌ စာအိတ်ထဲက စာရွက်တို့သည် ဘာအကြောင်းအရာဖြစ်မလဲလို့ ထုတ်ဖတ်ကြည့်နေတုန်း အရှေ့က အသံကြောင့် ပန်းဇလပ်ဝါ ခေါင်းမော့ကြည့်မိသည်။ အပေါ်ထပ်ကုတ်အင်္ကျီလက်စကို လက်တံတောင်ဆစ်၌ ခေါက်တင်၍ ဒူးဖုံးရုံစကဒ်ကျပ်ကျပ်နှင့် ဘော်ကြယ်ပြောင်ပြောင်လက်လက် ပိုက်ဆံအိတ်အရှည်ကို ဂျိုင်းကြားညပ်လိုက်ပြီး

"မဟုတ်ပါဘူးကွယ်၊ တွေ့ရမဲ့လူရှိလို့၊ ဒါနဲ့ Kyleစတူဒီယိုက ဘယ်နားမှာလဲ၊ သူ့အတွက် မင်းတို့CEOမမက သီးသန့် စတူဒီယိုထားပေးထားတယ်ဆို"

"အဲ့ဒါက ခြောက်လွှာမှာ မမကြူရဲ့"

"အိုး ... အပေါ်တက်ရဦးမှာပဲ"

"အစ်မတွေ့မဲ့လူက Kyleလား"

"မင်းလေးကလည်း သိပ်စပ်စု"

သူတို့အချင်းချင်းရယ်မောကာ နှုတ်ဆက်ကြပြီးနောက် မွှေးရနံ့ကြူက သူမနှင့် မျက်နှာချင်းဆိုင်ဘက် ဆက်လျှောက်လာသည်ကိုတွေ့တော့ ပန်းဇလပ်ဝါသည် တွေ့ရာအခန်းထောင့်စွန်းအကွယ်၌ အလျင်အမြန် ဝင်ပုန်းလိုက်မိသည်။ စာရွက်တွေကိုင်ထားသော လက်ဖျားတို့သည် တဆတ်ဆတ်တုန်ယင်နေလျက်။

*****

"အဲ့တော့ တိမ်တမံကို အိုင်က မနှောက်ယှက်ရဘူးပေါ့"

နောက်လန်ကျတော့မတတ် ထိုင်ခုံကိုအားပါပါနောက်မှီထားပြီး ခြေထောက်နှင့်ထိန်းထားသည်။ ဂီတာကိုရင်ဘတ်ထဲပိုက်၍ လက်ဖျားလေးဖြင့် ကြိုးတွေကို ဖွဖွလေးဆွဲတီးနေလျက် မျက်ခုံးတစ်ဖက်ပင့်မေးလာသော Kyle၊ သူ့လက်ချောင်းတို့က အားမပါသော်ငြား ဂစ်တာမှ ဒင်ဒင်ဒေါင်ဒေါင်အသံတိုးတိုးက ထွက်နေသည်။ စတူဒီယိုထဲ ညလုံးပေါက် မအိပ်မနေကြိုးစားနေသလားမသိ၊ မျက်တွင်းဟောက်ပက် ဆံပင်တွေပွရှုပ်နေသည့် Kyleသည် ခပ်ဂျစ်ဂျစ်လူဆိုးကလေးနှင့်တူနေ၏။

"ဒါပေါ့"

Kyleကိုယ်တိုင်ဖျော်၍ ဧည့်ခံသော Lemon Teaခွက်ကို ကောက်ကိုင်ကာ တစ်ငုံအရသာခံသောက်လိုက်ရင်း မွှေးရနံ့ကြူက ခပ်ပေါ့ပေါ့ဖြေလိုက်သည်။ မျက်ခုံးနှစ်ဖက်ပင့်သက်လိုက်ပုံက Teaကိုအရသာတွေ့လို့ အသိအမှတ်ပြုဟန်။

ChillWhere stories live. Discover now