"အ..."
မျက်လုံးမပွင့်ခင် အသံအရင်ထွက်သည်။ တစ်ကိုယ်လုံး နေရာလပ်မရှိ တင်းပုတ်နဲ့ထုရိုက်ခံထားရသလို နာကျင်မှုကြီးက ...။ နာလွန်း၍ မျက်ရည်တို့ပင် ဝေ့လာသည်။ နှစ်ယောက်အိပ် မွေ့ရာကုတင်ထက် သူ့ကိုယ်ကြီးက ပက်လက်ဆန့်ဆန့်ကြီး။ လက်ချောင်းတွေကစ၍ ဆတ်ခနဲဆတ်ခနဲ လှုပ်လာသည်။
"မီး ... မီး ... ခ ဏ"
မီးမီးကို တိုးတိုးလေး လှမ်းခေါ်မိခါမှ မနေ့က သူအော်ထုတ်လိုက်၍ မျက်ရည်နဲ့မျက်ခွက်ဖြစ်ပြီး ပြန်သွားရှာသော တူမတော်ကို သတိရမိသည်။ အခန်းထဲ အခုသူတစ်ယောက်တည်း ရှိတာပဲ။ လက်ချောင်းတွေကို ဖွဖွလေးဆုပ်ကာ ဖြည်းဖြည်းချင်း ထထိုင်ရသည်။
"အား .... ကျွတ်ကျွတ်ကျွတ်"
ခြေသလုံးကြွက်သားတို့ တင်းတောင့်နေကာ တစ်ကိုယ်လုံးနာကျင်မှုက မချိမဆန့်ပါပဲလား။ တင်းယောင်နေသော ခြေသလုံးနှင့် သွေးအလိမ်းလိမ်း စုတ်ပြတ်နေသည့် ခြေဖမိုးတစ်စုံကိုကြည့်၍ နာကျင်စူးနင့်သမျှ အရွဲ့တိုက်စွာ ခပ်မဲ့မဲ့ ပြုံးမိသည်။
"မသေသေးဘူးပဲ ... သေသွားမယ်ထင်ခဲ့တာ"
ခြောက်သွေ့နေသော နှုတ်ခမ်းသားကနေ လည်ချောင်းနာနေသော အသံအက်အက်ထွက်သွား၏။ သူ့အဖြစ်ကို တိမ်တမံမပြောနှင့် သူကိုယ်တိုင်ပင်ရယ်ချင်သည်။ တိမ်တမံ မရှိလျှင် သေရပါတော့မယ်ဆိုတဲ့သူက အခုထိ ကောင်းကောင်းအသက်ရှင်နေသေး၏ ... ဒဏ်ရာတွေ ကျန်ခဲ့ပေမဲ့လည်းပေါ့။
သူဟာ အရူးလိုပင် တိမ်တမံမရှိလျှင် သူသေနိုင်တယ်ဆိုသော ယုတ္တိမတန်သည့် အကြောက်တရားကြီးကို ခေါင်းထဲ ပန္နက်စွဲထား၏။ လူတွေဟာ သေရမှာ ကြောက်ကြတာချည်းပါပဲ။ တိမ်တမံထားခဲ့မှာကို သူမကြောက်ပါဘူး ... သေရမှာကြောက်၍သာ တိမ်တမံကို သူစွဲလမ်းနေတာ။
ဟုတ်တယ် ... ဒီလိုတွေးပြီးဖြစ်ဖြစ် တိမ်တမံစိတ်နှင့် သူအသက်ဆက်ခဲ့သော အချိန်ဆယ်နှစ်ကို မေ့ထားချင်သည်။ တိမ်တမံက ချစ်ဖို့ မထိုက်တန်ဘူး။ သူဒီလောက်ချစ်တာကို တိမ်တမံက သူ့ကို ခွေးလိုနွားလို ပစ်ခါနိုင်သည်။ ရင်ထဲနာ၏။ တိမ်တမံထားခဲ့လို့ တကယ် သူသေခဲ့လျှင်လည်း အဲ့ဒါ အချစ်ကြောင့် မဟုတ်ဘူး။ မခံနိုင်ဖြစ်လွန်း၍ သွေးတက်သေတာမျိုးပဲ ဖြစ်မှာ။
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020