36

3.3K 686 234
                                    

"Kyle အခုချိန်ဝင်သွားလို့ အဆင်မပြေနိုင်ဘူးထင်တယ်နော် CEOအရမ်းဒေါသထွက်နေတယ်"

သူလုပ်ချင်တာလုပ်ပြီး သူ့ကြောင့် သွေးတက်သွားသောအဒေါ်ဖြစ်သူ ဆေးရုံအခန်းရှေ့ ပကတိဖြူစင်သော အရိုးခံမျက်နှာလေးဖြင့် ပန်းစည်းကိုင်၍ ရောက်လာသော တူတော်မောင်။

"ကျွန်တော်မရောက်လာဘူးဆို CEOသူ့အလိုလိုဒေါသပြေသွားမယ်ထင်နေလား"

မပြောသာလို့ နှုတ်ဆိတ်သွားသည်။ အခြေအနေမကောင်းလို့ အခန်းထဲ ပေးမဝင်စေချင်သည့် ဒေါ်လေးငယ်၏ Assistantဖြစ်သူ အစ်မစေတနာကို သူသိပါလျက် ရှောင်နေရုံ ပြဿနာမဖြေရှင်းနိုင်သောကြောင့် ထိပ်တိုက် ရင်ဆိုင်တော့မည်။ ပခုံးကို ဖွဖွလေး ဆုပ်ကိုင်လိုက်ပြီး

"စိတ်မပူပါနဲ့ ကျွန်တော်မျက်နှာမတွေ့ရသေးလို့ စီအီးအိုဒေါသထွက်နေတာ"

အခန်းရှေ့မှ ဖယ်စေလိုက်ပြီး တံခါးခေါက်လိုက်သည်။

"ဒေါ်လေးငယ် ... ကျွန်တော်ဝင်လာပြီနော်"

တံခါးလက်ကိုင်လော့ခ်ကို ဆွဲလှည့်ပြီး အခန်းထဲ ရောက်ရောက်ချင်း အဒေါ်ဖြစ်သူက အနားမှာ ရှိသော အသေးစားဓါတ်ဘူးဖြင့် လှမ်းပစ်ပေါက်လိုက်၍ သူ အမြန်ခုန်ရှောင်လိုက်ရသည်။

"ဒေါ်လေးငယ်!!!"

"နင့်အထုပ်နင်ပြင်ပြီး အမေရိကားကို ပြန်လိုက်တော့ ခိုင်မြဲနှောင်၊ ငါ နင့်ကို လက်မခံနိုင်တော့ဘူး"

"ဒေါ်လေးငယ်ကလည်း"

သူလေပြည်သွေးလိုက်သော်ငြား စိတ်တအားကြီးသော ဒေါ်လေးငယ်က ရှုးရှုးရှဲရှဲဒေါသထွက်လို့ကောင်းနေဆဲ။ အခုချိန် သူဘာပြောပြော ဒေါ်လေးငယ် နားဝင်မှာမဟုတ်။ ခိုင်မြဲနှောင် အကြောက်အလန့်ကင်းရပါတယ်ဆိုဦးတော့ အခုချိန် ဒေါ်လေးငယ်အနား မကပ်ဝံ့။

ပန်းစည်းကို ဧည့်သည်စားပွဲပေါ်တင်လိုက်ပြီး ဆိုဖာမှာ ဝင်ထိုင်လိုက်သည်။ လူနာကုတင်နှင့် သူထိုင်နေသော နေရာ အနည်းငယ်လှမ်း၏။ ဒေါ်လေးငယ်အနား သူမသွားသေး။ ကုတင်ပေါ် လက်သီးလက်မောင်း တင်းတင်းဆုပ်ခဲထားလျက် ငုတ်တုတ်ကြီးထိုင်ကာ နှာမှုတ်ထုတ်သံပြင်းပြင်း ရှုသွင်းထုတ်နေသော ဒေါ်လေးငယ်က မိတ်ကပ်မပါလို့ထင် စုန်းမကြီးနှင့်တူနေ၏။ တကျိကျိမြည်အောင် အံတင်းတင်းကြိတ်ထားကာ မေးတဆတ်ဆတ်တုန်ရီနေလျက် မျက်လုံးအကြည့်က စူးရှနေသည်။

ChillWhere stories live. Discover now