39

4.4K 721 467
                                        

တမံအတွက် Kyleနေရာပေးထားသော ဆိုဖာကျဉ်းကျဉ်းကြုတ်ကြုတ်ပေါ် မလွတ်မလပ် ခြေထောက်ကွေးထားရသည်။ Kyleက ကုတင်အကျယ်ကြီးမှာ ခြေဆန့်လက်ဆန့် သက်တောင့်သက်သာ။ ကုတင်ခြေရင်း ဆိုဖာမှာရှိနေသော တိမ်တမံက Kyleကို ခဏခဏ ခေါင်းထောင်ကြည့်နေသည်။ Kyleက တုပ်တုပ်မှ မလှုပ်။

Kyleအခန်းထဲ တမံဝင်လာခဲ့တာ ညအိပ်ဖို့မှ မဟုတ်တာ။ တမံကိုအခန်းထဲ ဝင်ခွင့်ပြုခဲ့ပြီးနောက် Kyleက ဖတ်လက်စစာအုပ်နှင့် အခန်းမီးကိုပိတ်ပြီး စောင်ခေါင်းမြီးခြုံသွားသည်။ ညဆယ်နာရီထိုးပြီ။ လုံးဝမလှုပ်လာသော Kyleက အိပ်ပျော်သွားပြီလားမသိ။

ထိုသို့တွေးမိပြန်တော့ Kyleကို တမံ စိတ်တိုမိသည်။ တမံက သူ့ကြောင့် အိပ်လို့မရ၊ ဒုက္ခများလိုက်ရတာ သူကတော့ တမံကို တစ်ခန်းတည်းနေ ခြေရင်းမှာထားပြီး အိပ်ပျော်နိုင်သေးသည်။

တမံမျက်စိစုံမှိတ် Kyleအခန်းထဲ မျက်နှာပြောင်တိုက်ဝင်လာသော်လည်း မျက်နှာကြောတစ်စက်မှ မပြေလျော့သည့် Kyleကြောင့် အခန်းထဲရောက်ရောက်ချင်း တမံငြိမ်ကုပ်သွားရသည်။ Kyleကိုတွေ့ဖို့ ရန်ကုန်ကနေ အမရပူရ၊ အမရပူရကနေ မန္တလေးသို့ အဆင့်ဆင့်ရောက်လာခဲ့ပြီး အခု Kyleနှင့်အတူ တစ်ခန်းတည်းရှိနေပါလျက် ဒီလိုနဲ့ပဲ မိုးလင်းသွားတော့မှာလား။

Kyleကို တမံစောင့်နေခဲ့တာ ဒီညနဲ့ဆို သုံးညမြောက်။ မန္တလေးက ဦးလေးအိမ်မှာ သွားအိပ်မယ်လို့ မမကြူတို့ကိုညာခဲ့ပြီး အမရပူရမှာ ချန်ရစ်ခဲ့သည်။ တကယ်တော့ Kyleတည်းသည့် ဟိုတယ်မှာ တမံသောင်တင်နေခဲ့၏။ ရိုက်ကူးရေးလုပ်ဖို့ အမရပူရနှင့်မန္တလေးသို့ ကူးချည်ပြန်ချည်လုပ်နေရသည့် တမံလည်း ပင်ပန်းလှပြီ။

Kyleနှင့်ပြေလည်မှုမရမချင်း၊ Kyleစိတ်မပြေမချင်း စိတ်ထဲတနုန့်နုန့် ဘယ်လိုမှ အိပ်မပျော်နိုင်သည့် တမံက သည်းမခံနိုင်တော့သည့်အဆုံး စိတ်ပေါက်ပေါက်နဲ့ပဲ ဆိုဖာပေါ်က ကုန်းရုန်းထထိုင်သည်။ အခန်းမီးခလုတ်အားလုံး ဖွင့်ပစ်လိုက်ပြီး ကုတင်ပေါ်အိပ်နေသော Kyleစောင်ကို သွားလှပ်၏။

မျက်လုံးပွင့်လာသော Kyleက အခန်းတွင်းမီးရောင်စူးတာမခံနိုင်၍ ပြန်မျက်လုံးမှိတ်ပြီး မျက်လုံးရှေ့ လက်ကာလိုက်သည်။ ဖြည်းဖြည်းချင်း အရှိန်ယူပြီးနောက် လက်နှစ်ဖက်အပေါ်မြှောက် အပျင်းကြောဆန့်ကာ ငုတ်တုတ်ထထိုင်လာ၏။

Chillحيث تعيش القصص. اكتشف الآن