"ဘာ... Zylenကို နင့် MVမှာ ခေါ်သုံးမယ်!"
ဂဏန်းညှပ်ခံရသကဲ့သို့ ငယ်သံပါအောင် ထအော်သော တင်မီမီကို။ အရှေ့မှာရှိသော ဂဏန်းကောင်ကြီးက အငွေ့မှုတ်ကာ ကော်ဖီကို မက်မက်စက်စက် သောက်နေနိုင်၏။
"Zylenတစ်ယောက်တည်း မဟုတ်ဘူး၊ တိမ်တမံရောပဲ ... သူတို့နှစ်ယောက်စလုံးကို ကျွန်တော့် MVမှာ မြင်ချင်တယ်"
ကော်ဖီခွက်ကို မီးခွက်ကြီးလို သဘောထားပြီး တင်မီမီကိုအား မီးခွက်စောင့်ဘီလူးဟု ထင်နေရော့လား။ ပြောပုံဆိုပုံ လွယ်လင့်တကူ။ နောက်စေ့ကို ဖြတ်ချပစ်ချင်တာ လက်ဖဝါးပေါ် ခူယားကောင် တင်ထားသလို ရွစိတက်နေပြီ။
ဆံပင်အရောင်ဆိုးထားတာကို အနက်ရောင်ပြန်ပြောင်းပြီး နဖူးပေါ် ရှင်းလင်းနေအောင် ဆံပင်လှန်သိမ်းလျက် အဝတ်အစားကို အရင်နေ့တွေထက် ဂရုတစိုက်ပြင်ဆင်လာပုံရသော Kyle။ ပြောင်ပြောင်လက်လက် ရွှေဖြူနားကွင်းနဲ့ ကိုယ်တော်ချောက လူကြီးဂိုက်ဖမ်းထားသော လူငယ်ပေါက်စလို ငယ်ဂုဏ်ငယ်သွေးကြွကြွ။ အနက်ရောင်ဖက်ရှင်ပြည့် Kyleသည် မျက်နှာအသားအရေကအစ ဝင်းဖက်နေလျက် လက်ကလေးတွေ ခြေကလေးတွေ ဖွေးသန့်နေပုံအရ ဒီကောင်တစ်ကိုယ်လုံး နတ်ရေကန်ထဲ ဝင်စိမ်ခဲ့လေသလား။ အပြတ်ရွှိုင်းထားတာတော့ သိသည်။
တင်မီမီကိုက Kyleကို ခေါင်းစခြေဆုံး အကဲခတ်နေသည်။ ဒီနေ့ဘာ Scheduleရှိလို့လဲ။ သူမကို လာတွေ့ရန်သပ်သပ် ဒင်းဒီလောက် ရှိုးမများနိုင်။
"နင် အသည်းကွဲနေတာလား"
ဖြတ်ခနဲကြည့်လာသော မျက်ဝန်းတွေမှာ ဖုံးကွယ်ချင်သော ဒဏ်ရာတွေကို တွေ့လိုက်ရသည်။
"မှန်နေတာပဲ .. နင်အသည်းကွဲနေတာ"
တူတော်ချောက ငြင်းချက်မထုတ်။ မထီမဲ့မြင် မျက်ခုံးပင့်သွားပြီး ကော်ဖီခွက်ကို ကောက်ကိုင်လိုက်သည်။
"ဘယ်လိုသိတာလဲ ... အသဲကွဲတဲ့ရုပ်မပေါက်အောင် ဒီလောက်ပြင်ဆင်ထားတာကို"
ကော်ဖီခွက်ကို နှုတ်ခမ်းပေါ်မတေ့ခင် သူ့ကိုယ်သူ ပြောသလို ရေရွတ်လိုက်သော တူတော်မောင်။ တင်မီမီကိုသည် တူဖြစ်သူကို စိတ်ပျက်စွာကြည့်မိ၏။
![](https://img.wattpad.com/cover/183158794-288-k290517.jpg)
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020