အခန်း(၄၇) သူ ပြန်လာပြီလား

11.3K 1.5K 93
                                    

"မင်းတကယ်ပဲ တစ်ယောက်တည်း ပြန်လို့ရတာလား။ ငါ ပြန်ပို့ပေးရမလား။ ဒါမှမဟုတ် မင်းကိုအိမ်ပြန်ပို့ပေးဖို့ တစ်ယောက်ယောက် လွှတ်ပေးလိုက်ရမလား။ "

ဆေးရုံဆင်းမယ့်ကိစ္စတွေ ပြုလုပ်ပြီးနောက် ထျန်ရှုံးက ဝမ်နျဲ့နန်ကို အိမ်ပြန်လိုက်ပို့ပေးဖို့ တောင်းဆိုနေခဲ့သည်။ ဝမ်နျဲ့နန်ကတော့ 'သူ အဆင်ပြေပါတယ်' ဟူသောစကားတစ်ခွန်းနဲ့ ထျန်ရှုံးတောင်းဆိုနေတာကို လက်မခံဘဲ တက္ကစီငှားပြီး အိမ်ပြန်ဖို့ လုပ်နေသည်။
ထျန်ရှုံးကလည်း မလျော့သောဇွဲနဲ့ တက္ကစီတံခါးဖွင့်ပြီး ကားထဲဝင်တော့မည့်ဆဲဆဲမှာတောင် ကားတံခါးကို လက်နဲ့ကိုင်ထားပြီး သူ စိတ်ပူကြောင်းကို တဖွဖွ‌ ပြောနေခဲ့သည်။

"ငါ တကယ် အဆင်ပြေပါတယ်။ "

ပြောရရင် ဆေးရုံကမထွက်ခင်ကနေစလို့ အခုကားထဲဝင်တဲ့ အချိန်အထိ ' အဆင်ပြေပါတယ် ' ဆိုသော စကားကို ပြောနေရသည်မှာ ဘယ်နှကြိမ်တောင် ရှိနေပြီမှန်း တကယ်မပြောတတ်တော့။

ဝမ်နျဲ့နန်က ထျန်ရှုံး သူ့ကိုစိတ်ချဖို့ အမျိုးမျိုးဖြောင်းဖျပြီး သူတစ်ယောက်တည်း ပြန်ရဖို့ လုပ်နေသည်။ အကြောင်းက ဆေးရုံကအပြန်မှာ ဒေါက်တာ လီနဲ့ သွားတွေ့ချင်တာကြောင့် ဖြစ်သည်။

မွေးနေ့ပွဲညက ဖြစ်ပျက်ခဲ့တဲ့ ဗီဒီယိုနဲ့ ကွန်းမန့်တွေမြင်ပြီးနောက်ပိုင်း ဝမ်နျဲ့နန်က သူ့ရဲ့ အတိတ်က ဖြစ်ရပ်ဆိုးတွေကိုပြန်ပြီး မှတ်မိလာခဲ့သလို ညတိုင်း အိမ်မက်ဆိုးအဖြစ်နဲ့ သူ့ကို ကြောက်လန့်မှုကို ပြန်ဖြစ်စေခဲ့သည်။

ထိုအကြောင်းတွေက ဘယ်အချိန်မှာ ဘယ်နှကြိမ်မြောက်အဖြစ်ပဲ ပြန်စဉ်းစား စဉ်းစား သူ့ကို နာကျင်မှုကိုသာ ခံစားရစေသည်။
နာကျင်မှုတွေကြားမှာ တစ်စက္ကန့်တောင်မရပ်ဘဲ ရိုက်နှက်နေခဲ့တဲ့ ထိုနေ့က ထိုနေရာ အကြောင်းကို တွေးလိုက်တိုင်း ဝမ်နျဲ့နန်၏ ရင်ထဲမှာ မွန်းကြပ်မှုတွေနဲ့ နာကျင်သည်ထက်မက နာကျင်လာရသည်။

***

အိမ်ကထွက်လာကတည်းက မူမမှန်ဖြစ်နေသည့် နားမလည်နိုင်သော စိတ်အခြေအနေက ကုယျန်ရှန်းကိုယ်တိုင်ကိုလည်း အဖြေထုတ်ကြည့်ဖို့ မတတ်နိုင်အောင် ဖြစ်နေစေပြီး ပိုဆိုးသည်က ဒီနေ့တစ်နေ့လုံး သူ့စိတ်က ထူးထူးဆန်းဆန်း ဝမ်းနည်းမှုတစ်ချို့နဲ့ ပူပန်မှုတွေပေါင်းပြီး စိတ်နဲ့ကိုယ်နဲ့မကပ်သည်အထိပင် ဖြစ်နေရသည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now