အခန်း(၃၀) ထျန်ရှုံး၏အဖြူရောင်ဝတ်စုံနှင့်ကောင်လေး

10.3K 1.4K 56
                                    

"ကြိုက်လား နန်နန် "

"ကြိုက်တယ်" ဝမ်နျဲ့နန် ထျန်ရှုံးဘက်လှည့်ပြီး ပြုံးကာ ပြန်ဖြေလိုက်သည်။

"ကြိုက်တယ် ' နှစ်လုံးပဲလား။ အဲ့ဒီအပြင် ထပ်ပြောစရာ မရှိတော့ဘူးလား။"

ဒီထျန်ရှုံး သူက ကလေးမဟုတ်ပါပဲ နှုတ်ခမ်းဆူပြီး သနားစရာကောင်းအောင် လုပ်ပြနေရုံမက ဝမ်နျဲ့နန်ကို သေချာစိုက်ကြည့်ကာ အမြီးလေးတရမ်းရမ်းနဲ့ ' ငါ့ကို မြန်မြန် ချီးကျူးပါတော့' ဟု ပြောနေသည်။

"ကျေးဇူးတင်ပါတယ် ထျန်ရှုံး ။ ဒီစန္ဒရားက တကယ်လှတယ် "

"ငါတော့ ဒီမှာအလှဆုံးက မင်းလို့ ထင်တာပဲ ။ မင်းက အဲ့ဒီ စန္ဒရားထက် ပိုလှတယ် "

"ထျန်ရှုံး အဲ့လို မပြောနဲ့ "

ဝမ်နျဲ့နန် ထျန်ရှုံးကို စိုက်ကြည့်ပြီး ပြောတော့ ထျန်ရှုံး၏ ဆက်ပြောရန်ပြင်နေသော နှုတ်ခမ်းပါးလေးက စိတ်အနှောက်အယှက်မဖြစ်စေလိုသော အသိတစ်ခုကြောင့် တင်းတင်းလေး ပြန်စေ့သွားကြသည်။

"အင်းပါ အင်းပါ။ အခု ဒါကို မြန်မြန်လေး တီးကြည့်။ မင်း ဂီတခန်းမှာ တီးတဲ့ သီချင်းလေ... အခု ငါ့အတွက် တီးပြပါလား။"

ဝမ်နျဲ့နန် ထျန်ရှုံးကို ပြန်မော့ကြည့်ပြီး တွန့်ဆုတ်တွန့်ဆုတ်နဲ့ လမ်းလျှောက်သွားကာ စန္ဒရားရှေ့က ခုံတွင်ထိုင်လိုက်သည်။ ထို့နောက် ကီးတွေကို သေချာကြည့်ပြီး ထိဖို့ လက်ပြင်လိုက်ပေမယ့် မဝံ့မရဲဖြစ်နေသည့် လက်ချောင်းလေးတွေက တွန့်ဆုတ်နေပြန်သည်။

'သူ့မှာ ထိကြည့်ဖို့ အခွင့်ရှိပါ့မလား။'

ဝမ်နျဲ့နန် ထျန်ရှုံးကို ပြန်လှည့်ကြည့်ပြီး ' မတီးတော့ဘူး' လို့ ပြောလိုက်ချင်ပေမယ့် သူ့ဘေးမှာ လွန်စွာမှ သနားစရာကောင်းအောင် ကြည့်နေသော ထျန်ရှုံးကြောင့် အသက်ကိုသာပြင်းပြင်းရှူလိုက်ပြီး သူ့ရဲ့ လက်ချောင်းလေးတွေကို အဖြူရောင်ကီးလေးတွေပေါ် အသာအယာ တင်လိုက်သည်။

အနည်းငယ် တိုးသဲ့နေသော သံစဉ်လှိုင်းနုနုက စတူဒီယို ခန်းလေးအတွင်း၌ တဖြည်းဖြည်းပျံ့နှံ့လာသည်။ လေပြေဆော့ကစားရာ လိုက်ပါမြူးတူးနေသည့် အဖြူရောင် ကျူးလစ်ပန်းလေးတွေအတိုင်း သာယာငြိမ့်ညောင်းစွာ ထွက်ပေါ်လာသည့် စန္ဒရားသံက ထျန်ရှုံး၏ တစ်ကိုယ်လုံးကို တောင့်တင်းသွားစေပြီး သူ့ရဲ့ နှလုံးသားထဲ ဒရယ်တစ်ကောင်ဝင်ပြီး ခုန်ပေါက်နေသလို တဒိန်းဒိန်းဖြစ်နေသည်။ ထျန်ရှုံးက ဝမ်နျဲ့နန်ကို အရူးတစ်ယောက်ကဲသို့ ငေးမောကြည့်နေပြီး ဒါက အရင်အချိန်တွေတုန်းကအတိုင်း တောက်ပတဲ့ နေရောင်ကို နောက်ခံပြုပြီး အဖြူရောင်ဝတ်စုံနဲ့ ရပ်နေသည့် ကောင်လေးတစ်ယောက်ကို ငေးကြည့်နေရသလို ဖြစ်နေသည်။

(ဥက္ကဌရဲ့အရင်ယောက်ျားကပြောတယ် သူကအနက်ရောင်ကြာပွင့်လေးပါတဲ့)Where stories live. Discover now