အခန်း (၉၃.၃)
3.5K 809 20
အခန်း (၉၃.၃) – အစားရွေးသည့်ရုံရုံ
~~~~~~~~~~~~~~~~~~~~~~~~
အကြီးအကဲရှန့်၏ ရန်သူနှင့်ပူးပေါင်းသောပုန်ကန်မှုက ပိုကြီးမားသည့်ချိုးဖောက်ရာရောက်သွားသည်မှာ ဘာကြောင့်လဲဆိုတော့ သူက မသိသင့်သည့်လျို့ဝှက်ချက်ကို သိသွားတာကြောင့်ပင်။ အဆင့်မြင့်ရဲမက်တွေ၏သေဆုံးမှုတွေကလည်း အကြီးအကဲရှန့်မှ ဒီလျို့ဝှက်ချက်အား တစ်ယောက်ယောက်ကို ပြောပြလိုက်တာကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်။ သို့ပေမယ့် နောက်ကွယ်ကလူသတ်သမားက ဘယ်သူမှန်းအတိအကျမသိတာကြောင့် သူတို့တွေသည် တစ်ယောက်တည်းကိုသတ်မည့်အစား အကုန်လုံးကိုသတ်လိုက်တာဖြစ်သည်။
ခုန်းချောင်က သဲလွန်စကို ရှာတွေ့သွားပြီး အမှန်တရားကို ပိုပြီးစုံစမ်းချင်လာသည်။ ဒါကြောင့်…… သူသေရတော့မည်။
ရှန့်ရှန်းကျွင်းနှင့်အတူသေဆုံးခြင်း။ သေသွားသည့်သူကသာ လျို့ဝှက်ချက်တွေကို ထိန်းသိမ်းနိုင်ပြီး သေသွားသည့်သူတွေကသာ စကားမပြောနိုင်ပေ။
ရုံရှီ၏ပထမအခန်းက အရမ်းကိုချောမွေ့စွာနှင့် ပြီးဆုံးသွားသည်။ နဂိုကတော့ ရုံရှီတစ်ယောက် ရိုက်ကူးရေးအဖွဲ့၏အဟုန်ကို အသားမကျမှာအား လောင်လျို့က စိုးရိမ်နေသေးသည်။
အသိုင်းအဝိုင်းတွင်း၌ လူတွေ့အစမ်းသရုပ်ဆောင်သည့်အခါ လှလှပပလေးသရုပ်ဆောင်သွားပြနိုင်ပေမယ့် တကယ့်ရိုက်ကူးရေးမှာကြတော့ ဆက်တိုက်ကိုNGဖြစ်တတ်သည့် သရုပ်ဆောင်တွေမရှားပေ။ သူတို့တွေက တစ်ခြားသူတွေရှိနေသည့်အခါ စိတ်လှုပ်ရှားတုန်လှုပ်မှုကြောင့် သရုပ်မဆောင်နိုင်တာမျိုးလည်း ဖြစ်နိုင်သည်။ သရုပ်ဆောင်တွေက စိတ်ပိုင်းဆိုင်ရာဖိအားတွေအများကြီးသက်ရောက်တာကြောင့် ဒီလိုအများတွေလုပ်မိနိုင်သည့်အခြေအနေတွေက ထုတ်လုပ်ရေးအကြီးစားဇာတ်ကားတွေ၌ ဖြစ်လေ့ရှိသည်။
တစ်နေ့လုံးကို လောင်လျို့သည် “အိမ်ရှေ့မင်းသားမှ ဧကရာဇ်အား ပြုစုစောင့်ရှောက်ပေးခြင်း”ဇာတ်ဝင်ခန်းကို ရိုက်ကူးသည်။
နောက်တစ်ရက်နေ့လည်ရောက်တော့မှ ဒီဇာတ်ကြောင်းက နောက်ဆုံးတွင် ပြီးဆုံးသွားပြီလို့ ယူဆလို့ရပြီး နောက်ထပ်ဇာတ်ဝင်ခန်းကို ရိုက်ကူးလို့ရပြီဖြစ်သည်။
ရိုက်ကွင်းကိုရောက်သည့်ဒုတိယမြောက်နေ့မှာတော့ ရုံရှီသည် သူ့ကိုယ်ပိုင်အခန်းရသွားပြီဖြစ်တာကြောင့် ချင်းချန်နှင့်ကုတင်တစ်ခုတည်း အိပ်စရာမလိုတော့ပေ။
ဒါက ဖြစ်သင့်သည့်အရာတစ်ခုဟု ရိုက်ကွင်းထဲကလူတိုင်းက ယူဆကြတာကြောင့် တကယ်လို့တစ်ယောက်သောသူဆီ၌ တစ်ခြားအကြောင်းပြချက်ရှိနေရင်တောင်မှ သူ့မှာ ထုတ်ပြောလို့မရပေ။ သူလည်းပဲ ရုံရုံကို သွားရှာပြီး “လရောင်အောက်မှာ ဇာတ်ညွှန်းအတူလေ့ကျင့်ကြမယ်” ဆိုတာမျိုးကို တကယ်ကြီးလုပ်ချင်ပေမယ့် အခွင့်အရေးကမရှိဘူးလေ။ သူနှင့်ရုံရှီတို့ အတူရိုက်ကူးရမည့်ဇာတ်ဝင်ခန်းက အရမ်းကိုနည်းတာကြောင့် သူ့မှာ အကြောင်းပြချက်လေးတစ်ခုတောင် မပြနိုင်ပေ။
ရလဒ်အနေနဲ့ကတော့ ချင်းချန်မှာ လူငယ်လေးကို ညဖက်တွေ၌သာ မက်ဆေ့ခ်ျပဲပို့နိုင်တော့ပေမယ့် ရုံရှီအနားယူရမည်ဖြစ်တာကြောင့် သူစကားတွေအများကြီးသိပ်မပြောပေ။
ဒီရက်ပိုင်းရိုက်ကူးသမျှဇာတ်ဝင်ခန်းတွေအားလုံးက ရုံရှီ၏အခန်းတွေသာဖြစ်သည်။ ဘယ်သူမဆိုနေ့ခင်းတွင် အနားယူလို့ရပေမယ့် သူကတော့ အနားယူဖို့အချိန်လုံးဝမရှိပေ။
ဒီအခြေအနေက ငါးရက်မြောက်နေအထိကို ဖြစ်သွားသည်။
ဒီငါးရက်အတွင်း ရုံရှီသည် ကျူးမော့လန်၏တိုင်းပြည်အရေးဆောင်ရွက်သည့်အခန်းမှန်သမျှကို ရိုက်ကူးလို့ပြီးသွားသည်။ တော်ဝင်စာကြည့်ဆောင်အတွင်း၌ အိမ်ရှေ့မင်းသားကနေပြီး တိုင်းပြည်ရေးရာကိစ္စတွေကို ကိုယ်တွယ်ဖြေရှင်းနေသည့်ဇာတ်ဝင်ခန်းတွေ၊ အိမ်ရှေ့စံမင်းသားကနေပြီး ဧကရာဇ်ကို ပြုစုစောင့်ရှောက်ပေးနေသည့်အခန်းတွေနှင့် အိမ်ရှေ့စံမင်းသားကနေပြီး နန်းညီလာခံကို စီမံကြီးကြပ်နေသည့်အခန်းတွေ……
ဒီအခန်းတွေအားလုံးထဲတွင် ရုံရှီမှာ လုံးဝကိုအပြစ်ပြောစရာမရှိသည့် နတ်ဘုရားတစ်ပါးပင်။ ကျူးမော့လန်၏ပြည့်စုံနေမှုက ရိုက်ကွင်းပေါ်ရှိ ဝန်ထမ်းတိုင်း၏ နှလုံးသားထဲတွင် အရာထင်အောင် ရေးထိုးထားခဲ့ပြီးလေပြီ။ သူ့လှုပ်ရှားမှုတွေတိုင်းက ကျက်သရေနှင့်ပြည့်စုံပြီး သူ့လက်ဟန်မူရာတွေကလည်း နန်းဆန်ပြီး ကြော့ရှင်းရည်မွန်သည့်စိတ်နေသဘောထားကို ဖော်ပြနေသည်။
ရုံရှီနှင့်အတူအလုပ်တွဲလုပ်သည့်သရုပ်ဆောင်တိုင်းက သူနှင့်ရင်းနှီးရတာကို လှိုက်လှဲဝမ်းသားကြသည်က ဘာကြောင့်လဲဆိုတော့ လူငယ်လေးသည် ကောင်းမွန်သည့်စိတ်နေစိတ်ထားရှိပြီး လူတိုင်းနှင့်အတူလေ့ကျင့်ရန် စတင်ချဉ်းကပ်လေသည်။ သူက သူတို့၏နာမည်ကျော်ကြားမှုအပေါ်မှီခိုပြီး အောက်ခြေလွတ် ​မောက်မာနေသည့် တစ်ချို့သောလူသစ်လေးတွေလိုမျိုး မဟုတ်ပေ။
ပန်းထိုးသည် ထဲတွင် အတွင်းဝန်အမတ်တွေအဖြစ် သရုပ်ဆောင်ကြသည့် သရုပ်ဆောင်အများစုက ဒီအသိုင်းအဝိုင်းအတွင်း၌ ကျင်လည်နေခဲ့သည်မှာ နှစ်တွေအများကြီးကြာခဲ့ပြီဆိုပေမယ့် အရမ်းမြင့်မြင့်သို့မတက်နိုင်ခဲ့ကြပေ။ သူတို့တွေက အရမ်းလည်းနာမည်ကြီးလှသည်တော့မဟုတ်ပေမယ့် ကြည့်ရှုသူတွေကတော့ သူတို့ကိုရင်းနှီးနေကြသော်လည်း သူတို့က ဘယ်သူတွေလည်းဆိုတာကို အတိအကျမှတ်မိနေတာမျိုးမရှိကြပေ။
ဒီလိုအဆင့်အတန်းနှင့်သရုပ်ဆောင်တွေက သောင်မတင်ရေမကျဖြစ်နေသည်လို့ ပြောလို့ရသည်။ (သူတို့လုပ်ပိုင်ခွင့်ကမြင့်လည်းမမြင့်သလိုနိမ့်မလည်းမနိမ့်ပေ) သူတို့တွေ၌ အရည်အချင်းတွေရှိပေမယ့် ရင်းနှီးမြုပ်နှံမှုမရှိပေ။ ဒါကြောင့် အခုလောလောလတ်လတ်မှ ပွဲဦးထွက်ထားသည့်တစ်ချို့သော နာမည်ကျော်လူသစ်သရုပ်ဆောင်တွေကတောင် သူတို့ကို မလေးမစားလုပ်ရဲကြသည်။ သူတို့မှာ အအော်ခံလိုက်ရရင်တောင် ဒေါသတွေကို ထုတ်ပြလို့မရနိုင်တာကြောင့် သူတို့တွေသည် သူတို့ဒေါသတွေကို အသံတိတ်သာ ပြန်မြိုချလိုက်နိုင်ရုံသာရှိသည်။
ရုံရှီက သရုပ်ဆောင်တွေတိုင်းနှင့် လိုက်လျောညီထွေစွာရှိနေတာကို မြင်ရတော့ ချင်းချန်၏မျက်နှာထားက အလိုလိုနူးညံ့ပျော့ပျောင်းသွားတော့သည်။ သူ့နှုတ်ခမ်းပါးတွေက အပေါ်သို့မသိမသာလေးကော့ညွှတ်သွားပြီး သူ့မျက်လုံးထဲတွင်လည်း ဖုံးကွယ်မရနိုင်သည့်ဂုဏ်ယူမှုတွေ ပြည့်နေပုံက ကြိုက်နှစ်သက်ခံရသည့်သူက သူဖြစ်နေသည့်အလားပင်။
ထိုအတောအတွင်း တစ်ဖက်မှာတော့ ဇာတ်လိုက်မင်းသမီး ဟွမ်လဲ့မှာလည်း ဒီအခြေအနေကို သဘောပေါက်သွားသည်။
ဟွမ်လဲ့နှင့်ရုံရှီတို့ အတူရိုက်ကူးရသည့်ဇာတ်ဝင်ခန်းက မရှိသလောက်ပင်။ ဒါကြောင့် သူမသည် အရင်တုန်းက ရုံရှီအပေါ် သိပ်ပြီးအာရုံမစိုက်ဖြစ်ပေ။ ဒါပေမယ့် အခုတော့ ဒီလိုမြင်ကွင်းကိုမြင်နေရတာကြောင့် သူမသည် ရုံရှီရှိရာဖက်သို့ နည်းနည်းအဓိပ္ပါယ်ပါသည့်အကြည့်တွေဖြင့် ပိုကြည့်လိုက်ပြီးတော့မှ နောက်ဆုံးတွင် သူ့လက်ထောက်ကို သူမနားခေါ်၍ ပြောလိုက်သည်။ : “ရုံရှီနားခဏသွားလိုက်ပြီး သူ့ကို ငါနှုတ်ဆက်လိုက်တာကို သွားပြောပေး”
လက်ထောက်လေးမှာ ဟွမ်လဲ့နောက်လိုက်လာတာ အခုဆိုလျှင် နှစ်ပေါင်းများစွာရှိလာပြီဖြစ်တာကြောင့် သူမဘာဆိုလိုလဲဆိုတာအား ချက်ချင်းနားလည်သွားသည်။
သူမကနှုတ်ဆက်ကြောင်းသွားပြောပေးဆိုသည့်အတိုင်း ဒီလက်ထောက်က ဒီတိုင်းသာမန်ကာလျှံကာ မလုပ်ပေ။ ထိုအစား သူမသည် ရုံရှီ၏လက်ထောက်လော့ချန်ဆီကနေတဆင့်သွားကာ နှစ်ဦးမှာ စကားတွေပြောပြီးနောက် သူငယ်ချင်းတွေဖြစ်သွားကြသည်။ လက်ထောက်လေးက လော့ချန်အား ရိုက်ကူးရေးအဖွဲ့တွင်းတွင် သတိထားရမည့်အချက်လေးတွေ အနည်းငယ်ကို ပြောပြပေးသည်။ ဥပမာပြောပြရရင် မနက်ဖြန် ရုံရှီနှင့်မင်းသားနံပါတ်၂တို့ အတူသရုပ်ဆောင်ရာတွင် မင်းသားနံပါတ်၂၏တရုတ်စကားပြောက သိပ်မကောင်းတာကြောင့် သူမတို့ဖက်က သည်းခံစိတ်ရှည်ပေးရန်လိုအပ်ကြောင်းနှင့် ပြင်ဆင်ထားသည့်က အကောင်းဆုံးဖြစ်လိမ့်မည် ဆိုတာမျိုးတွေပေါ့။
အဆင့်မြင့်ရဲမက်တွေကို ကောင်းမွန်သည့်အခြမ်းဖက်မျိုး ပုံဖော်သည့် ဇာတ်ကားတော်တော်များများလိုပဲ အဆင့်မြင့်ရဲမက်တွေ၏အကြီးမားဆုံးသောရန်သူတွေမှာ အရှေ့နှင့်အနောက်အုပ်စုတွေပင်ဖြစ်သည်။ သဘာဝအရတော့ ဇာတ်ကားတစ်ကားထဲတွင် အဆင့်မြင့်ရဲမက်တွေပါဝင်လာသည်နှင့် ဗီလိန်ကတော့ အရှေ့ဖက်ခြမ်းကဘုရင်ခံအုပ်ချုပ်သူမဟုတ်ရင် အနောက်ဖက်အုပ်စုက ဘုရင်ခံအုပ်ချုပ်သူတွေဖြစ်လာမည်မှာ မြေကြီးလက်ခက်မလွဲပေ။
ပန်းထိုးသည် ဇာတ်ကားကလည်း အပေါ်ယံတွင်တော့ ဒီလိုပုံစံမျိုးပုံဖော်ထားသည့် ဇာတ်ကားတစ်ကားဖြစ်သည်။ မင်းသားနံပါတ်၂သည် အရှေ့ဖက်အုပ်စုမှ အုပ်ချုပ်သူဖြစ်သည်။ သူသည် အသက်၅၀ကျော်အတွင်းရှိပြီး ဧကရာဇ်၏ကိုယ်ရေးကိုယ်တာ အထိန်းတော်ကြီးတစ်ယောက်လည်းဖြစ်ကာ နာမည်ကတော့ လီကောင်းတန်ဖြစ်သည်။ အဆင့်မြင့်ရဲမက်ဇာတ်ကားတွေထဲက ဆင်တူသည့်သာမန်ဇာတ်လမ်းကြောင်းတွေအရ လီကုန်းကုန်းက ကိုယ်ခံပညာရပ်တွင် တစ်ဖက်ကမ်းခက်အောင် ကျွမ်းကျင်လိမ့်မည်။ ပန်းထိုးသည် မှာတောင် ဒီသမာရိုးကျအဆင့်အတန်းကနေ မလွတ်မြောက်ပေ။
သို့ပေမယ့် ဒီဇာတ်ကား၏နောက်ဆုံးလူဆိုးမှာ လီကုန်းကုန်းမဟုတ်ပါပဲ သူ့နောက်တွင်ရှိနေသည့် ကျူးမော့လန်သာဖြစ်သည်။
ဒါက ပန်းထိုးသည် ၏ ဆန်းသစ်မှုဖြစ်ပြီး လောင်လျို့ကနေ တမင်သက်သက်ဉာဏ်ဆင်ထားသည့် အကြီးမားဆုံးသောဇာတ်လမ်းလှည့်ကွက်ကြီးဖြစ်လေသည်။
ဇာတ်ကားနောက်ဆုံးရောက်သည်အထိ မဖော်ပြသေးခင် ခုန်းချောင်မှာ ပန်းထိုးသည်၏လျို့ဝှက်ချက်ကို ရှာဖွေလိုက်နိုင်ပြီး လီကုန်းကုန်းက လက်သည်တရားခံဟုသာ ခုန်းချောင်းက အမြဲယုံကြည်ခဲ့တာဖြစ်သည်။ လီကုန်းကုန်းကို သူသတ်ပြီးသည့်သွားသည့်နောက်မှာတော့ ဒီကိစ္စက နောက်ဆုံးတော့ပြီးဆုံးသွားပြီဟု သူယုံကြည်ခဲ့တာဖြစ်သည်။
လီကုန်းကုန်းအဖြစ်သရုပ်ဆောင်မည့်သူကတော့ ပြည်ပက တရုတ်လူမျိုးတစ်ယောက်ဖြစ်ပြီး ဥရောပတွင် အရမ်းကိုနာမည်ကြီးကာ သိမ်မွေ့ရည်မွန်သည့်လူကြီးပိုင်းနေရာတွင် သရုပ်ဆောင်လေ့ရှိသည်။ ဒီသရုပ်ဆောင်က ဒီနှစ်တွင် အသက်၅၀ရှိပြီ။ ဒါပေမယ့် သူက ပြည်ပမှာပဲ ကြီးပြင်းလာခဲ့တာကြောင့်ပဲလားတော့မသိ။ သူသည် တရုတ်စကားကို လည်ဝယ်စွာမပြောနိုင်ပဲ သူ့တရုတ်ဇာတ်ကားတွေအားလုံးကလည်း နောက်ခံစကားပြောသံထည့်ထားတာဖြစ်သည်။
ဟွမ်လဲ့၏လက်ထောက်လေးပြောပြလာသောအချက်အလက်တွေကို လော့ချန်သည် ရုံရှီအားပြောပြလိုက်သည်။ သူမစကားတွေကိုကြားသည့်အခါ ရုံရှီသည် ဟွမ်လဲ့အား အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်သည်။
ရလဒ်အနေနဲ့ကတော့ သိမ်မွေ့လှပသောရုပ်ရှင်ဧကရီက သူ့အားပြန်ကြည့်လာပြီး ဖော်ရွေသည့်အပြုံးဖြင့် သူ့အားခေါင်းညိမ့်ပြလာတာကို မြင်လိုက်ရသည်။ သူမကိုကြည့်ရတာ မြင်မြင်ချင်းကို အရမ်းခင်မင်ဖို့ကောင်းပုံရသည်။
ရုံရှီလည်းပဲ တစ်ဖက်လူကို အပြုံးဖြင့် ပြန်ခေါင်းညိမ့်ပြလိုက်သည်။
လော့ချန်သည် သက်ပြင်းချရင်း အသံတိုးတိုးလေးဖြင့် ပြောသည်။ : “ဟွမ်လဲ့က ရုပ်ရှင်ဧကရီအစစ်အမှန်ပဲ ရှင့်ကိုတောင် အကြံဉာဏ်တွေ အထူးတလည်ပေးလာတယ် ရှောင်ရှီ”
ဒါကိုကြားလိုက်ရသည့်အခါ ရုံရှီမှာ မတက်သာစွာပြုံးလိုက်ပြီး : “ခင်ဗျားက တစ်ခြားသူတွေနဲ့ စကားပြောနေဖို့ပဲသိတယ် ကျွန်တော့်နေ့လည်စာဘူးကဘယ်မှာလဲ?”
လော့ချန်မှာ တစ်ချက်လန့်သွားပြီး လျင်မြန်စွာပြန်ဖြေလိုက်သည်။ : “ငါအခုချက်ချင်းသွားယူလိုက်မယ် ငါမေ့သွားတယ်……”
“မလိုဘူး အဆင်ပြေတယ် မင်းအရင်သွားစားနှင့်”
နက်ရှိုင်းပြီးဆွဲဆောင်မှုအပြည့်ရှိသည့်အသံတစ်သံက ရုံရှီနောက်ကျောကနေ တည်ငြိမ်စွာဖြင့် ထွက်ပေါ်လာသည်။ ရုံရှီနောက်လှည့်ကြည့်လိုက်တော့ အရပ်ရှည်ကာကြော့ရှင်းသည့်အမျိုးသားးက သူ့ဆီလျှောက်လာနေသည်ကို မြင်လိုက်ရသည်။ သူသည် အနက်ရောင်ငါးပျံဝတ်စုံကို ခါးတွင်ခါးပတ်ပြားပတ်၍ ဝတ်ဆင်ထားတုန်းဖြစ်သည်။ သို့ပေမယ့် သူ့လက်တွေထဲမှာတော့…… အမ် နေ့လည်စာဘူး၂ဘူကို သယ်လာနေသည်။
သူ့ရဲ့မလိုက်မဖက်ပုံစံကြီးက ဘယ်လိုပဲကြည့်ကြည့် ရယ်ချင်စရာဖြစ်နေသည်။ ဒါပေမယ့် ရေခဲလွှာလိုအေးစက်ပြီး ဘာအမူအရာမှပေါ်မနေသည့် ထိုမျက်နှာကို မြင်လိုက်သည်နှင့် မလိုက်မဖက်ဖြစ်နေမှုမှန်သမျှတွေက ရှင်းမပြနိုင်အောင် ပျောက်ကွယ်သွားသည်။
ချင်းချန်ကိုမြင်လိုက်တော့ လော့ချန်၏မျက်လုံးတွေက ကြယ်တွေအဖြစ် အလိုလိုပြောင်းလဲသွားတော့သည်။ သူမသည် လျင်မြန်စွာကိုခေါင်းညိမ့်လိုက်ပြီး လိမ်လိမ်မာမာနှင့် အဝေးကိုလျှောက်ထွက်သွားလိုက်သည်။
နောက်တော့ ချင်းချန်သည် နေ့လည်စာဘူးကို ရုံရှီ၏ရှေ့တွင် ညင်သာစွာဖြင့် ချထားပေးလိုက်သည်။ သူသည် မျက်နှာချင်းဆိုင်နေရာသို့လျှောက်သွားလိုက်ပြီး ထိုင်လိုက်သည်။
ရိုက်ကူးရေးအဖွဲ့၏နေ့လည်စာနားချိန်ရောက်နေပြီဖြစ်တာကြောင့် ဝန်ထမ်းတွေအများကြီးက သူတို့၏ရှားပါးနားချိန်လေးမှာ စားသောက်ရင်း စကားတွေပြောနေကြသည်။ နေ့လည်စာစားပြီးသွားသည့်ဝန်ထမ်းတွေကတော့ သူတို့ကိစ္စတွေနှင့်သူတို့အလုပ်များနေကြသည်။ ဥပမာ ဇာတ်ဝင်ခန်းအတွက်ပြင်ဆင်တာ၊ မီးအလင်းအမှောင်တွေချိန်ညှိတာ နှင့် အပိုသရုပ်ဆောင်တွေကို စီစဉ်ပေးတာတို့ဖြစ်သည်။
ရိုက်ကူးရေးအဖွဲ့က ဒီရက်ပိုင်းအတွင်း ရုံရှီ၏ဇာတ်ဝင်ခန်းတွေကိုသာ အဓိကအာရုံထားရိုက်ကူးနေပေမယ့် တကယ်တမ်းကတော့ လောင်လျို့သည် ရိုက်ကူးရေးအဖွဲ့ကို အေ နှင့် ဘီ ဆိုပြီး နှစ်ဖွဲ့ခွဲထားသည်။ သူကိုယ်တိုင်ကတော့ အေတွင် ဦးဆောင်ကြီးကြပ်ပြီး ရုံရှီ၏ဇာတ်ဝင်ခန်းတွေကို အာရုံစိုက်ရိုက်ကူးကာ ဘီအဖွဲ့ကိုတော့ ဒါရိုက်တာကိုယ်စားလှယ် နှင့် လက်ထောက်ဒါရိုက်တာတွေလက်ထဲလွဲထားပေးပြီး ချင်းချန်၏အက်ရှင်ခန်းတွေကို ဦးစားပေးရိုက်ကူးလေသည်။
ဒီနည်းလမ်းက အချိန်လည်းသက်သာသလို ကုန်ကျစရိတ်လည်းသက်သာသည်။
သို့ပေမယ့် ဒါကြောင့်ပဲ ချင်းချန်နှင့်ရုံရှီမှာ အတူရှိဖို့ အခွင့်အရေးပိုနည်းပါးသွားသည်။ အစားစားသည့်အချိန်ကလွဲလို့ နှစ်ယောက်လုံးက တစ်ချိန်တည်းမှာ ရိုက်ကူးနေရသည်။
လူငယ်လေးက နေ့လည်စာဘူးကိုယူကာ သူ့တူကိုဖောက်နေတာအား မြင်လိုက်တော့ ချင်းချန်၏အကြည့်က ထိုသွယ်လျပြီး ကျောက်စိမ်းလိုလက်လေးတွေပေါ် ရောက်သွားကာ သူ့မျက်ခုံးတွေက ဖြည်းဖြည်းချင်းတွန့်ချိုးသွားသည်။
သူအစကတွေးထားတာကတော့ သူတို့နှစ်ယောက်သာ အတူရိုက်ကူးကြမည်ဆိုလျှင် သူတို့တွေအတွက် တွေ့ဆုံဖို့အချိန်တွေလည်း ပိုများလာမည်ဟုပင်။ သူတို့တွေက အတူရိုက်ကူးရသည့်ဇာတ်ဝင်ခန်းတွေ အများကြီးမရှိတာကြောင့် သူတို့မှာ စကားပြောဖို့လေးတောင်ခက်ခဲနေရမည်ဆိုတာကို ဘယ်သူကများထင်မိမှာလဲ
အမျိုးသား၏မျက်လုံးတွေက ပင်လယ်လိုနက်ရှိုင်းနေပြီး ဖြည်းဖြည်းချင်းပိုပို၍အထီးကျန်လာတော့သည်။
ရုံရှီသည် သူ့နေ့လည်စာဘူးကိုဖွင့်ပြီး ဟန်မဆောင်ပဲစားတော့မလိုပြင်လိုက်သည်။ တစ်ခြားဝန်ထမ်းတွေကတော့ သူတို့အား တစ်ချက်လောက်သာကြည့်လိုက်ပြီး ပြောကြသည်က : “ရုံရှီနဲ့ချင်းချန်ကြားက ဆက်ဆံရေးက အရမ်းကိုကောင်းတဲ့ပုံပဲ” သာဖြစ်ပြီး ဘာမှထပ်မပြောကြပေ။ သို့ပေမယ့် ဘယ်သူမှမသိသည်က တစ်ယောက်သောသူတွေးနေသည့်အတွေးများသည် ——
ဇာတ်ညွှန်းဆရာကနေပြီး ဇာတ်ကောင်တွေပြောင်းသွားချင်အောင် ငါဘာလုပ်ရမလဲ ဥပမာပြောရရင်…… ခုန်းချောင်နဲ့ကျူးမော့လန်တို့ အတူတွဲသရုပ်ဆောင်ရမယ့် ဇာတ်ဝင်ခန်းတွေပိုထည့်တာမျိုးပေါ့?
လောင်လျို့နှင့်အတူနေ့လည်စာစားနေသည့်ဇာတ်ညွှန်းဆရာမှာ ရုတ်တရပ်နှာချေလိုက်မိသည်။ : “……”
ချင်းချန်မှာ သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်ပြီး ဒီအခြေအနေ၏ဖြစ်နိုင်ချေကို သေသေချာချာလေး စဉ်းစားတွေးတောနေတော့သည်။ ရှုကျင်းဆီ သူ့တောင်းဆိုချက်ကို ပြောလိုက်ရမလားဆိုတာကို စဉ်းစားနေသည့်အချိန် သူ့မြင်ကွင်းထဲ၌ တစ်စုံတစ်ခုက ရုတ်တရပ်လှုပ်ရှားသွားသည်။ ချင်းချန်သည် သူ့မျက်လုံးတွေကို ချက်ချင်းပင့်ကြည့်လိုက်ပြီး သူ့အသိစိတ်ကပ်သွားချိန်မှာ သူသိလိုက်ရတာကတော့ သူ့နေ့လည်စာဘူးထဲတွင် မုန်လာဥအပိုတစ်ခုရောက်နေတော့သည်။
နဂိုကဖြူဖွေးနေသည့်မုန်လာဥမှာ ရိုက်ကူးရေးအဖွဲ့၏စားဖိုမှုးကြောင့် နူးညံ့နေအောင်ပေါင်းခံထားရသည်။ အသားနှင့်အတူ အချိန်တစ်ခုကြာအောင် ချက်ပြုတ်ထားတာကြောင့် အညိုရောင်ဟင်းအနှစ်က မုန်လာဥထဲ စိမ့်ဝင်နေပြီလေ။ အသား၏မွှေးပျံ့နေသည့်အနံ့က ဟင်းငွေ့နှင့်အတူ အပေါ်ကိုပျံ့လွင့်နေပြီး အနံ့ရမိသည့်သူတိုင်း စားချင်လာစိတ်ကို မအောင့်နိုင်ပေ။ ဒါက မုန်လာဥ၏လက်ဆက်သည့်ရနံ့ဖြစ်ပေမယ့် ဟင်းအနှစ်၏လေးပင်သည့်အရသာလည်းဖြစ်လေသည်။
သို့ပေမယ့် နောက်တစ်ခဏအတွင်းမှာပဲ တစ်ယောက်သောလူငယ်လေးကတော့ သူ့ခေါင်းကိုငုံ့ထားပြီး မုန်လာဥနောက်တစ်ဖက်ကို သူ့တူဖြင့်ယူလိုက်၍ ချင်းချန်၏နေ့လည်စာဘူးထဲ ပြောင်းထဲ့လိုက်လေသည်။
ချင်းချန် : “……”