❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၂၀)
~~~~~~~~~~~~~~~~~~~~~~~~~
လမ်းခွဲရအောင်ဆိုသော စကားနှင့်အတူ ပြတ်တောက်သွားသည့် ဖုန်းလိုင်းကြောင့် သူ့ရင်ထဲပူပြင်းသွား၏။ ဘေးတွင် အန်တီလှိုင်ပါသည်ကိုလည်း ဂရုမစိုက်နိုင်တော့။ ချက်ချင်းဖုန်းပြန်ခေါ်ပေမဲ့လည်း စက်ပိတ်ထားပါသည်ဆိုတာကြောင့် လူကထူပူသွားသည်။"ကျစ်.."
စုတ်သတ်ရင်း နောက်တစ်ကြိမ်ပြန်ခေါ်တော့လည်း ထိုနည်းတူပင်။
"သခင်"
"ဗျာ အန်တီလှိုင်"
"နောက်က ကားတွေ ဟွန်းတီးနေပြီ"
"ဟုတ် သားနည်းနည်းအတွေးလွန်သွားလို့"
သူမချိပြုံးကာ ဖုန်းကို လက်ထဲကမချဘဲ ကားမောင်းထွက်လိုက်ရ၏။ ခေါင်းထဲတွင်လည်း အချက်ပေးသံတွေက ဆူညံနေသည်။ အညိုလုံးကိုသူဘာများလိမ်ထားမိလဲဆိုတာ အထပ်ထပ်အလှန်လှန်စဉ်းစားသော်လည်း မသိ။ တကယ်ပဲ ဘာများလဲ။
"သခင်..အန်တီ့ကို အဆင်ပြေမဲ့တစ်နေရာမှ ကားရပ်ပေးပါလား"
စိတ်နဲ့လူနဲ့မကပ်ဘဲ ဖုန်းကိုတစ်မိနစ်သုံးခါလောက်ကြည့်မိနေသည့် သူသည် အန်တီလှိုင့်စကားကြားမှ ပျာပျာသလဲဖြစ်သွားရ၏။ ဘယ်လိုတောင် အသိလွတ်သွားရတာလဲ။ ကားကို လမ်းဘေးတစ်နေရာချရပ်ရင်း အန်တီလှိုင့်ဘက်ကိုလှည့်ကာ မေးရတော့သည်။
"ဘာလို့လဲ အန်တီလှိုင်၊ ဘယ်ဝင်စရာရှိသေးလို့လဲ။ သားလိုက်ပို့ပေးမယ်လေ"
"အန်တီကဝင်စရာမရှိပါဘူး သခင်ရယ်၊ သားစိတ်နဲ့လူနဲ့မကပ်ပုံနဲ့ တစ်ခုခုဖြစ်မှာဆိုးလို့"
"အဲ့ဒါက သားနည်းနည်း..."
"ခုနက ဖုန်းဆက်တာ သားကောင်လေးလား သခင်"
"ဟုတ်တယ် အန်တီလှိုင်၊ ဖုန်းဆက်ပြီး ပြတ်ပြီပြောနေလို့ သားလည်းထူပူနေတာ။ Sorryပါ အန်တီလှိုင်ရယ်။ အန်တီက သားဆီ တကူးတကလာလည်တာကို"
အန်တီလှိုင်နဲ့တွေ့တုန်း သူ အညိုလုံးလေးအကြောင်းကိုပြောပြဖြစ်သည်။ မာမီ့ထက် သူ့ကို ပိုနားလည်ပေးနိုင်သည့် အန်တီလှိုင်သည် သူ့အတွက် အမေတစ်ယောက်လိုမလို့ ဖွင့်ဟမိခြင်းပင်။ အံ့ဩရုံကလွဲလို့ ဘာမှမပြောသည့် အန်တီလှိုင်သည် သူ့ရဲ့ဖြစ်တည်မှု့အပေါ် ဘာမှမဝေဖန်။

VOUS LISEZ
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Roman d'amourမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)