❀သခင်ကြင်လျှင် ပန်တော်မူ❀ အခန်း(၂၂)
~~~~~~~~~~~~~~~~~~~~~~~~~
"တီးတောင်!"ခြံ၀ကနေ ဘဲတီးသံထွက်ပေါ်လာတာမို့ ကုတင်ပေါ်တွင် ခေါင်းအုံးကိုခုမှီကာ ရှုဆေးရှုရင်းလှဲနေသည့် ခေါင်ရန်းကို မေလှမ်းကြည့်လိုက်၏။
"လက်ရုံးသခင်ရောက်လာပြီထင်တယ်"
"မောင်က ဘယ်လိုလုပ်သိသွားတာလဲ"
ခေါင်ရန်း အားမရှိစွာဖြင့် မေးလိုက်တော့ မေက သက်ပြင်းချကာ မေမေ့ကိုတစ်ချက်ကြည့်လိုက်ပြီးမှ
"ခုနက နင့်ဆီသူဖုန်းခေါ်တာနဲ့ နင်မူးလဲတာပြောပြလိုက်တာ၊ ငါတံခါးသွားဖွင့်ပေးလိုက်ဦးမယ်"
မေက ခေါင်ရန်းကို အသိပေးသည့်အနေဖြင့်သာ ပြောပြီး အခန်းထဲက ထွက်သွားတာမို့ အခန်းထဲတွင် ခေါင်ရန်းနဲ့ မေမေသာရှိတော့သည်။ ငယ်လေးကတော့ ထွက်သွားကတည်းက အခုပြန်လာသေးပုံမပေါ်။
အစောပိုင်းက ခေါင်ရန်းသတိမေ့နေတုန်း မေက မေမေ့ကို အကြောင်းစုံပြောပြပြီးပြီမို့ မေမေလည်း မျက်နှာမကောင်းပေ။ ခေါင်ရန်း ခန့်မှန်းတာမမှားလောက်ဘူးဆိုရင် မေက တချို့တစ်ဝက်ကိုထိမ်ချန်ထားသည့် ပုံပါပဲ။ ဒါကြောင့် မေမေက မျက်နှာမကောင်းပေမဲ့ ငယ်လေးကို ပူပန်ကြောင်းအရိပ်အယောင်သိပ်မပြတာ။
နောက်ပြီး မောင်နဲ့အကြောင်းကိုပါ မေကပြောပြထားပုံရသည်။ မောင်လာသည်ဆိုတော့ မေမေက အံ့ဩပုံမပြ။ ခေါင်ရန်း သတိမေ့နေတုန်းမှာ ကိစ္စတော်တော်များများဖြစ်ပျက်သွားတာပဲ။ မေမေက မောင်နဲ့ကိစ္စကို ဘယ်လိုမှ မနေဘူးလားမသိ။ အခုထိခေါင်ရန်းကို အပြစ်တင်သည့် စကားတစ်ခွန်းမဟပါလေ။
ကျွီ~~
တံခါးဖွင့်သံနှင့်အတူ မေ့နောက်ကပါလာသော မောင့်မျက်နှာသည် အတော်လေးတုန်လှုပ်နေသည့်ပုံပင်။ ခေါင်ရန်းကို စိုးရိမ်စိတ်မကင်းစွာဖြင့် ကြည့်နေသည်က အကြည့်ပင်မလွှဲတော့ချေ။
"စကားပြောနှင့်ကြ၊ မေမေ သမီးငယ်ဆီဖုန်းဆက်ကြည့်လိုက်ဦးမယ်"
မေမေစကားပြောလိုက်မှ မောင်က မေမေ့ကို သတိထားမိပုံရသွားကာ အားတုံ့အားနာဖြင့် ပြုံးပြနေသည်။ မေမေထွက်သွားသည်နှင့် မေကပါ ရှောင်ထွက်သွားပြန်သည်။

YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)