47 (Unicode)

25.2K 1.2K 29
                                    

❀သခင်ကြင်လျှင် ပန်တော်မူ❀  အခန်း (၄၇)
~~~~~~~~~~~~~~~~~~~~~~~~~
"ကိုကြီး နိုးလာပြီ" ဆိုသော ယုမေဆီကအသံကြသည်နှင့် မျက်နှာသစ်ရင်းတန်းလန်းဖြင့် အပြင်ကိုအလောတကြီးထွက်မိသည်။ မောင်တစ်ညလုံးစောင့်နေတာတောင် ‌နိုးမလာဘဲ အခု မောင်မျက်နှာလေးသွားသစ်သည့်အချိန်ခဏလေးမှာနိုးလာသည့် ပေါင်ပေါင်းက ဆိုးလိုက်တာ။

မနက်ရောက်ပြီမလို့ ယုမေနဲ့ ပေါင်ပေါင်းမေမေကပါရောက်လာတယ်‌လေ၊ ကြီးကြီးမြတ်လည်းပါလာသေးတယ်။ ပေါင်ပေါင်းမေမေက ပေါင်ပေါင်းကိုကြည့်ပြီး ငိုတယ်သိလား။ မောင်တော့မငိုပါဘူး၊ မောင့်ကိုချော့မဲ့ ပေါင်ပေါင်းနိုးလာမှ ငိုမှာပေါ့။ လူစောင့်ရှိလို့ စိတ်ချပြီးခဏလေးမျက်နှာလွှဲကာမှ ပေါင်ပေါင်းက သတိရလာပြီတဲ့ ကြည့်ဦး။

ခေါင်ရန်း မျက်လုံးကိုဖွင့်လိုက်ပိတ်လိုက်လုပ်နေတုန်း ယုမေကလည်း အနားရောက်လာသလို သူသတိရလာပြီဖြစ်ကြောင်း အခန်းတစ်ခုကိုကြည့်ရင်း လှမ်းအော်သည်က တစ်ယောက်ယောက်ကို အသိလှမ်းပေးသလ်ိုမျိုး။ ပြီးတော့ ဆရာဝန်သွားခေါ်မယ်ဆိုပြီး ပြေးထွက်သွားသေးသည်။

အခုအခြေအနေအရ ခေါင်ရန်းဆေးရုံရောက်နေမှန်းရိပ်မိပါသည်။ သူ့လက်ကိုဆုတ်ကိုင်ရင်း ဝမ်းသာအားရဖြစ်နေသည့် မေမေ့ကိုလည်းတွေ့ရသည်။ ပြီးတော့ ကြီးကြီးမြတ်ရော၊ သို့သော် မောင့်ကိုမတွေ့ရသေး။

သူ့ကောင်လေး ဝမ်းနည်းနေရှာမှာ။

"မောင်ရော.."

မနေ့ကတစ်နေကုန် ဘာအစားမှမစားတာကြောင့်ရော၊ ခွဲစိတ်ထားသည့်အရှိန်ကြောင့်ရော အားနည်းနေတာမလို့ ခေါင်ရန်းအသံက ခပ်တိုးတိုးသာထွက်လာသည်။ သို့သော် မေမေက နားလည်ဟန်ဖြင့် သူမကိုယ်ကိုဘေးကပ်လိုက်ရင်း မောင်ရှိရာဆီသို့ မေးငေါ့ပြ၏။

"ဟိုမှာလေ သား"

တစ်ရက်လေးအတွင်းမှာတင် မျက်နှာချောင်ကျသွားသော မောင်ကဘယ်လောက်တောင် စိုးရိမ်ပူပန်နေခဲ့မလဲ။ ညိုနေသော မျက်ကွင်းတို့ကြောင့် မောင်ညကမအိပ်ခဲ့မှန်းသိသာပါသည်။ မောင့်မျက်ဝန်းတို့ကလည်း ဖျော့တော့နေပြီး ခေါင်ရန်းကိုသာ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်။

သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)Donde viven las historias. Descúbrelo ahora