ခေါင်ရန်းအိပ်ယာပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်နဲ့ ပျင်းနေရသည်။ ပင်ပန်းထားရတဲ့ကြားထဲ သင်တန်းလည်းသွားရသေးတာမလို့ လူက သိပ်မလန်းချင် ခုနက မှေးခနဲတော့ အိပ်ပျော်သွားသေးသည်။ မောင်ကလည်း ဒီနေ့မှ နောက်ကျလိုက်တာ။
"ခွမ်း!"
"အမလေး!"
အထိတ်တလန့် အော်သံနှင့်အတူ တစ်ခုခုကျကွဲသံကြားတာမလို့ မှေးနေရာကနေ ထထိုင်မိ၏။ အသံက အောက်ထပ်က ကြားရတာမလို့ ခေါင်ရန်းခပ်သွက်သွက်ပင် အခန်းထဲက ထွက်လိုက်၏။ ဒီအိမ်မှာ ယောကျာ်းသားဆိုလို့ မောင်ရယ်၊ ခေါင်ရန်းရယ်၊ ခြံစောင့်ဦးလေးရယ် သုံးယောက်သာရှိ၏။
အပေါ်က ဆင်းလာလာခြင်း ထမင်းစားခန်းဝတွင် တိုးဝှေ့နေကြသော ကလေးမများကြောင့် အိမ်မှာ တစ်ခုခုဖြစ်နေပြီဆိုတာ ကျိန်းသေနေပြီဖြစ်၏။ ခေါင်ရန်းဆင်းလာသည်ကို မြင်သော ကလေးမလေးတစ်ယောက်က တစ်ခုခုလှမ်းပြောရန်ပြင်နေတုန်း ထွက်ပေါ်လာသည့် မောင့်အသံကြောင့် အသံကြားရာ မာမီ့စာကြည့်ခန်းဆီသို့ ခပ်သုတ်သုတ်သွားလိုက်၏။
တံခါးဆွဲဖွင့်လိုက်သည်နှင့် မြင်ရသည်က ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသော ပန်းအိုးကွဲစများနှင့် ရင်ဘက်တစ်ခုလုံးနိမ့်ချည်မြင့်ချည်ဖြစ်ကာ ဒေါသထွက်နေပုံရသော မောင့်ကိုဖြစ်သည်။ ထို့နောက်တွင်တော့ ဆိုဖာတွေထိုင်နေသော မောင့်မာမီသည်လည်း အံ့ဩထိတ်လန့်နေသလို ယူကြုံးမရဖြစ်နေဟန်။
မောင်ပြန်ရောက်နေတာတောင် မသိလိုက်ရ။ ခေါင်ရန်း ခဏမှေးနေတဲ့အချိန်ကပြန်ရောက်တာ ဖြစ်လိမ့်မည်။
"မောင် ဘာဖြစ်တာလဲ"
ခေါင်ရန်းက အသံပြုရင်း မေးတော့ နီစွေးနေသည့် မောင့်အကြည့်တွေက ခေါင်ရန်းဆီရောက်လာ၏။ မောင်အခုလို ဒေါသထွက်နေသည့် ပုံကိုရော အခုကဲ့သို့ အဓိပ္ပာယ်ဖော်မရသည့် အကြည့်တွေကိုရော တစ်ခါမှ မမြင်ဖူးတာမလို့ အနည်းငယ်ထိတ်လန့်မိသည်။
"တောက်!"
မောင်က ဘာမှမဖြေဘဲ တောက်ပြင်းပြင်းတစ်ချက်ခတ်ကာ ခါးထောက်ပြီး အကြည့်လွှဲသွား၏။ ထို့ကြောင့် ခေါင်ရန်းအကြည့်တွေကို မာမီ့ဆီရွေ့မိတော့ မာမီကလည်း အံတင်းတင်းကြိတ်ကာ မျက်ရည်မကျအောင် ထိန်းနေသည့် ပုံမလို့ ခေါင်ရန်း မာမီ့ဆီသွားဖို့ပြင်လိုက်၏။
YOU ARE READING
သခင်ကြင်လျှင် ပန်တော်မူ (𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆)
Romanceမြွေက သွေးအေး သတ္တဝါလို့ပြောရင် ခင်ဗျားပုံပြပြီးငြင်းခဲ့ရဦးမယ်။ တကယ်ပဲ ကိုယ့်ချစ်သူအပေါ် သွေးအေးချက်က လက်လန်တယ် (Normal ကနေ Version ပြောင်း၊ အခန်းသစ်ထပ်ထည့်ပြီးရေးထားတာမလို့ အဆင်ပြေမှဖတ်ပေးပါနော်)