အပိုင်း (၂) ဟင်းချက်ခြင်း
လေထုထဲတွင် သွားရည် ယိုချင်စရာ အနံ့များက ပျံ့လွှင့်နေပြီး ဆုယောင်က ထိုလူ၏ ရှေ့တွင် ဟင်းပွဲပန်းကန်ကို ကျပေးလိုက်လေသည်။
"မြည်းကြည့်ပါဦး"
ဆုယောင်သည် ဟင်းပွဲအား မြည်းစမ်းရန် ပေးလိုက်ပြီးသည့်နောက်တွင်မူ မျက်နှာ အမူအရာ ပြောင်းလဲခြင်း မရှိပေ။ သို့သော် ရင်ထဲတွင်တော့ ဗလောင်းဆူနေပြီး ထိုလူ၏ အကြောင်းအရာများကို မူလကိုယ် ပိုင်ရှင်ဆီမှ ပြန်လည်ကာ မှတ်ဉာဏ်ခေါ်ယူနေရ၏။
ထိုလူသည် တရုတ် - အမေရိကန် ကပြား ဖြစ်ပြီး အမည်က စုန့်ယန် ဖြစ်ကာ ဤရှိုး၏ အဓိက ကူညီပံ့ပိုးပေးသူလည်း ဖြစ်သည်။ ရှိးအတွင်းတွင် ပါဝင်ခြင်း မရှိသည့် တစ်ဦးတည်းသော အကဲဖြတ်ဒိုင်လူကြီး ဖြစ်လေပြီး သာမန် အနုပညာရှင်များထက်ပင် ပရိတ်သတ်ပိုကာ ပေါများသူလည်း ဖြစ်၏။
ကောလဟလများအရဆိုလျှင် စုန့်ယန်သည် ငယ်စဉ်က အလွန်ပင် အရှက်ကြီးကာ အိမ်တွင်းအောင်းသူ တစ်ယောက် ဖြစ်ပြီး အသက်အရွယ် ရလာသည့်အခါမှပင် ဘဝ ရည်မှန်းချက်များ ရှိ၍ လူတောတိုးလာခဲ့ခြင်း ဖြစ်သည်။ သူသည် သူ့ ဦးလေး၏ ပိုင်ဆိုင်မှုများကို လက်ဝါးကြီး အုပ်ခဲ့ရုံသာမက သူ၏ အမွေဆိုင် ဆွေမျိုးများကိုလည်း နိုင်ငံ ပြင်ပသို့ မောင်းထုတ်ခဲ့သူ ဖြစ်သည်။
ယခုနှစ်တွင်မူ သူသည် အသက် နှစ်ဆယ့် ခုနှစ်နှစ် ရှိပြီ ဖြစ်ပြီး ကမ္ဘာ့ အချမ်းသာဆုံး စာရင်းဝင်သူ ဖြစ်လေသည်။ သူ၏ ပိုင်ဆိုင်မှုများ မြေယာများသည် တိုင်းတာ၍ မရနိုင်အောင်ပင် များပြားပြီး ဩဇာတိက္ကမ လွှမ်းမိုးမှုကလည်း ကြီးမားလှပေသည်။
ထိုသူသည် ဤကဲ့သို့သော ပါချီခြောက်ချက် ရှိုးတွင် မည်သို့သော ရည်ရွယ်ချက်ကြောင့် ရင်းနှီးမြှုပ်နှံထားသည်ကို လူတိုင်း နားမလည်ကြပေ။ ယခုမူ ထိုလူသည် သူမ၏ ဟင်းလျာကို မြည်းစမ်းချင်နေပြီ ဖြစ်ပြီ ဆုယောင် ငြင်းဆန်၍ မရနိုင်ပေ။ သူမ၏ ဟင်းပွဲကိုသာ စိတ်တိုင်းကြိုက်ပြုလုပ်နိုင်ရန်အတွက် ထိုးပေးလိုက်ရန်သာ တတ်နိုင်လေသည်။
ထိုလူသည် ယခင်ကမူ အရသာ အီလည်သော စတူးဟင်းအား ဘယ်သောအခါမှ မစားဟု ကြွေးကြော်ထားသော်လည်း ယခုမူ ဘာဖြစ်သည် မသိ။ ဆုယောင်သည် စုန့်ယန် သူမ၏ ဟင်းပွဲအား မြည်းသည်ကိုသာ ကြည့်နေရတော့သည်။
စုန့်ယန်သည် အသားဖတ် တစ်ဖတ်ကို ကောက်ယူလိုက်ပြီး ဆုယောင် သီးသန့် ပြုလုပ်ထားသော ဆော့စ်တွင် အသာနှစ်ကာ အသားဖတ်အား ပါးစပ်ထဲသို့ ထည့်လိုက်၏။ နှစ်ချက်၊ သုံးချက်မျှ ဝါးပြီးသောအခါတွင်မူ တူအား ဘေးသို့ အသာချကာ ပြောတော့သည်။
"ဒီဟင်းပွဲက အဆင်ပြေတယ်။ ကျွန်တော် ဒီဟင်းပွဲကို စားလို့ ဖြစ်တယ်"
ထို့နောက်တွင်မူ သူ၏ နှုတ်ခမ်းအား လျှာနှင့်သပ်ကာ သူ၏ နေရာသို့ ပြန်သွားတော့သည်။ သူ၏ အမူအရာက မဟာသူဌေးကြီးနှင့် မတူဘဲ ပျင်းရိကာ မာနကြီးသော ကြောင်ပေါက်လေးလိုပင်။ ဆုယောင်ကမူ အလွန်ပင် အစားအသောက်ဇီဇာကြောင်သော စုန့်ယန်က သူမ၏ ဟင်းပွဲအား လက်ခံသောကြောင့် အနည်းငယ် ကျေနပ်သွား၏။
"ကျေးဇူးပါရှင်"
ဆုယောင်သည် ဟင်းပွဲ ရှိရာသို့ သွားကာ ဟင်းပွဲအား ပြန်ယူလာပြီး တခြားတစ်ဖက်တွင် ရှိနေသော အကဲဖြတ် ဒိုင်များဆီသို့ သူမ၏ ဟင်းပွဲကို အကဲဖြတ်ပေးရန် ယူသွားလေတော့သည်။ တခြားသူများကမူ စုန့်ယန်ကပင် လက်ခံနိုင်သော ဟင်းပွဲသည် သာမန်အရသာ မဟုတ်မည်ကို ခန့်မှန်းထားပြီးသားပင်။ သူတို့သည်လည်း ထိုဟင်းပွဲအား မြည်းစမ်း ကြည့်ချင်လှပြီ။
ဒုတိယ မြည်းစမ်းမည့်သူက ဝမ်ယန်ပင် ဖြစ်သည်။
"ဆုယောင်မှာ ဒီလောက် ကောင်းတဲ့ ဟင်းချက်စွမ်းရည်ရှိမယ်လို့ ကျွန်မ တကယ် မထင်ထားဘူး။ အနံ့နဲ့တင် ဒီဟင်းပွဲက ဘယ်လောက် ကောင်းပြီး အချိုအချဉ် မျှတနေမလဲဆိုတာ ခန့်မှန်းလို့ရတယ်"
ဝမ်ယန်သည် ဆုယောင်အား အပြုံး မျက်နှာနှင့် ကြိုကာ ဟင်းပွဲအား မမြည်းစမ်းခင်ကပင် ချီးကျူးနေတော့သည်။
"အစ်မကြီး ဝမ်ကတော့ လွန်လွန်ကြူးကြူးတွေ ချီးကျူးနေပြန်ပါပြီ"
"ဘယ်ကသာ လွန်လွန်ကြူးကြူး ရမှာလဲ။ ကျွန်မက အကောင်းတကာ့ ထိပ်ခေါင်ဆိုတာတွေကိုပဲ စားလာတာ။ အနံ့ရတာနဲ့တင် ဆုယောင်ရဲ့ ဟင်းပွဲက သာမန် မဟုတ်ဘူးဆိုတာ ကျွန်မ သိတာပေါ့"
ဝမ်ယန်ကမူ ဆုယောင်အား အလွန်အမင်းပင် ချီးကျူးနေသောကြောင့် ဆုယောင်အနေပင် ခက်လာ၏။ ဝမ်ယန်က ဟန်ဆောင် ပန်ဆောင်ပင် လုပ်မနေတော့ဘဲ တူကို ကိုင်ကာ ဟင်းပွဲအား မြည်းလိုက်လေတော့သည်။ ဝမ်ယန်သည် သူမ၏ မျက်လုံးများကို မှိတ်ကာ ဟင်းပွဲအား အရသာခံလိုက်ပြီး အကြိမ်ရေ အနည်းငယ်မျှ ဝါးပြီးသောအခါတွင်မူ မြိုချလိုက်၏။
ဝမ်ယန်၏ ဟင်းပွဲအား မြည်းစမ်း အရသာခံနေမှုများကို ရိုက်ကူးရေး အဖွဲ့သားများကလည်း တစ်ချက်မှပင် အလွတ်မပေးဘဲ ရိုက်ကူးထားသည်။ အစီအစဉ် တင်ဆက်သူကမူ ဝမ်ယန် မြိုချပြီးသည်ထိ စောင့်ဆိုင်းကာ ဝမ်ယန်၏ မျက်လုံးများ ပွင့်လာသည်နှင့် တပြိုင်နက် သူမ၏ ထင်မြင်ချက်အား မေးတော့သည်။
"ကဲ ....အခု ကျွန်တော်တို့ အစ်မကြီး ဝမ်ကလည်း မြည်းပြီးသွားပြီဆိုတော့ အစ်မကြီးဝမ်ရဲ့ စကားလေးကို နားထောင်ကြည့်ရအောင်လားဗျ။ အစ်မကြီး ဝမ်ကရော စားဖိုးမှု ဝူရဲ့ လက်ရာနဲ့ အစ်မကြီး ဆုယောင်ရဲ့ လက်ရာ၊ ဘယ် ဟင်းပွဲက ပိုသာတယ်လို့ ထင်လဲဗျ"
ဝမ်ယန်ကမူ အစီအစဉ်တင်ဆက်သူအား အာရုံပင် ရသည့်ပုံ မပေါ်ချေ။ သူမက သူမ၏ နဖူးကို ရိုက်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မြည်းရန်သာ ပြင်နေသည်။
"ဟယ်...ရှင်ကလည်း ချက်ချင်းကြီးကို မေးနေတော့တာပဲ"
"အာ...ကျွန်မကလည်း နမော်နမဲ့။ အရသာခံပြီး စားရမယ့်ဟာကို စားတာ တအား မြန်သွားတယ်။ အရသာ သေချာ မသိလိုက်လို့ ပြန်မြည်းလိုက်မယ်နော်။ ခဏစောင့်ပေးဦး"
ထိုသို့ ပြောပြီးသောအခါတွင်မူ ဝမ်ယန်သည် ဟင်းပွဲအား နောက်တကြိမ် ထပ်မြည်းပြန်သည်။ သူမ မြည်းပြီးသွားသည့် နောက်တွင်မူ အစီအစဉ် တင်ဆက်သူက သူမ၏ ထင်မြင်ချက်အား ထပ်ကာမေးပြန်၏။ ဝမ်ယန်၏ အမူအရာကမူ မရေမရာ ဖြစ်နေတုန်းပင်။
"ရာသီဥတု အကူးအပြောင်း ကာလ ဆိုတော့လည်း ကျွန်မ အအေး နည်းနည်း မိနေတာ။ အအေးမိနေလို့လား မသိဘူး ... အရသာက သိပ်ပြီး ခံမရဘူး ဖြစ်နေလို့ နောက်ထပ် နည်းနည်း ထပ်မြည်းလိုက်မယ်နော်"
ထိုသို့နှင့် ဝမ်ယန်သည် ယခု အချိန်ထိ မှတ်ချက်တစ်စုံတစ်ရာ မပေးဘဲ အသားဖတ်များကိုသာ တစ်ဖတ်ပြီး တစ်ဖတ် ယူစားနေလေတော့သည်။ မည်သို့ပင် မူယာ မာယာ များပြနေစေကာမူ ဝမ်ယန်သည် ဟင်းပွဲအား အရသာ တွေ့၍ တမင် အကြောင်းပြချက်များ ပေးကာ စားနေသည်က အသိသာကြီးပင် ဖြစ်သည်။ ဤသည်အား ကျန်ရှိနေသော အကဲဖြတ် ဒိုင် နှစ်ယောက်က သည်းမခံနိုင်တော့ပေ။
နှစ်ယောက်ထဲမှ တစ်ယောက်က စားပွဲအား လက်နှင့် ရိုက်ကာ ...
"ဝမ်ယန်...ရှင့်ဟာက လွန်နေပြီ။ ဟင်းပွဲ တစ်ပွဲကို ပါမှ အသားက လေးငါးဖတ်။ အဲ့တာကို ရှင်က အဲ့လောက်ကြီး မြည်းနေတော့ ကျွန်မတို့က ဘာကို မြည်းရမှာလဲ။ ပြီးတော့ ဒီလောက် မြည်းပြီးရင်လည်း မှတ်ချက်လေးတော့ ပေးမှပေါ့။ တကယ်ပါပဲ"
ရှိုး၏ လုပ်ရိုး လုပ်စဉ်အရဆိုလျှင် အကဲဖြတ် ဒိုင်များက မိမိ မြည်းရမည်ကို မြည်းပြီးသည်နှင့် မှတ်ချက် ပေးရမည် ဖြစ်ပြီး တခြား ဒိုင်များကလည်း ဆက်လက်ကာ မြည်းစမ်းပြီး ပြိုင်ပွဲဝင်စားဖိုမှုး၏ အခြေအနေ အကောင်းအဆိုးကို ဝေဖန်ပေးရမည် ဖြစ်သည်။ ယခုမူ ဝမ်ယန်က မြည်းနေသည့် အဆင့်ကပင် ထပ်ကာ တက်မလာတော့ချေ။ ထို့ကြောင့်ပင် ပြောစရာ ဆိုစရာဖြစ်လာတော့သည်။
ဆုယောင်ကမူ အကဲဖြတ် ဒိုင်များ၏ နေရာကို ကြည့်လိုက်ပြီး ဖြစ်ပျက်နေသည်များကို အေးအေးလူလူသာ ထိုင်ကြည့်နေလိုက်သည်။ သူမသည် နာမည်ကြီးရန် တမင် လုပ်ယူထားသည့် နာမည်ဆိုး အမဲစက်များကလည်း ရှိသည်မို့ သူမ၏ ဟင်းချက်စွမ်းရည်အားလည်း တမင် ဖန်တီးလုပ်ကြံထားမည်ကို စိုးရိမ်၍ အကဲဖြတ်ဒိုင်များအား လူစေ့လူစုံ မြည်းစမ်းခိုင်းရန် လိုအပ်လေသည်။ ထို့ကြောင့် ကျန်ရှိနေသော ဒိုင်နှစ်ယောက် ဆက်ကာမြည်းပြီး အကဲဖြတ်မှတ်ချက်များ ပေး၏။
"ဒီ အသား စတူးကတော့ တကယ့်ကို အရသာရှိလွန်းတယ်။ ကျွန်မ ထင်ထားထက်ကို အများကြီးကို ပိုကောင်းတာပဲ"
"ကျွန်မကတော့ ဒါကို အကောင်းဆုံး စတူးလို့ ပြောချင်တယ်။ ကျွန်မ လွန်ခဲ့သော နှစ်နှစ်အတွင်း စားခဲ့သမျှ စတူးတွေထဲမှာ ဒီစတူးက အရသာ အရှိဆုံးပဲ"
ဝမ်ယန်ကမူ ယခုအချိန်ထိ ဟင်းပွဲအား သံယောဇဉ်မပြတ်သေးပေ။ သူမသည် ဆုယောင်၏ ဟင်းပွဲအား အမှတ်ပြည့်ပင် ပေးလိုက်လေပြီး ကျန်သည့် အကဲဖြတ် ဒိုင်များကိုလည်း လှမ်းကာ ပြောလိုက်သည်။
"ကျွန်မကတော့ ဘာမှ ပြောစရာ မရှိဘူး။ အကဲဖြတ် ဒိုင်တွေ အကုန်လုံး မြည်းပြီးသွားပြီဆိုရင် ကျန်တဲ့ ဟင်းကို ကျွန်မ စားမယ်။ ဒါပါပဲ"
ဝမ်ယန်၏ စကားကို ကျန်သည့် အကဲဖြတ် ဒိုင် နှစ်ယောက်ကလည်း သဘော တူညီကြပြီး နောက်ဆုံးမြည်းရန် ကျန်နေသည့် စားဖိုမှူး ဝူရွန်းအား အလှည့်ပေးလိုက်လေသည်။
"အကဲဖြတ် ဒိုင် ဝူ ....အခုက ရှင်မြည်းရမယ့် အလှည့်ပါ"
ဝူရွန်းကမူ သူ၏ ရှေ့တွင် ရှိနေသော ဟင်းပွဲကို ကြည့်လိုက်သည်။ သူသည် ဤဟင်းပွဲအား မြည်းကြည့်ရန်ပင် မလိုချေ။ ချက်ပြုတ်ပုံ အဆင့်ဆင့်နှင့် ပါဝင်ပစ္စည်းများက သူ၏ ရှေ့တွင်သာ ပြင်ဆင်သွားသည်သာ ဖြစ်ပြီး အသားကြော်ပြီးရုံ အဆင့်ကလေးကို မြည်းကြည့်ကတည်းကပင် သူတို့၏ လက်ရာအဆင့် ကွာခြားမှုကို သူ သတိထားမိ၏။ ဆုယောင်၏ ဟင်းချက် စွမ်းရည်သည် အံမခန်းဆိုသည်မှ အံမခန်းပင်။
ဝူရွှန်းကမူ ထွက်ပြီးသား တံတွေးကို ပြန်မြိုမည့်လူမျိုး မဟုတ်။ ဆုယောင်အား စိန်ခေါ်ပြောဆိုထားပြီးကာမှ သူမ၏ ဟင်းပွဲကို ချွင်းချက် မရှိ ချီးကျူးရန်က မဖြစ်နိုင်ပေ။ ထို့ကြောင့် တစိုးတစိမှပင် မြည်းစမ်းခြင်း မရှိဘဲ ဟင်းပွဲအား ဝေဖန် ပေးလိုက်တော့သည်။
"ဟင်းပွဲက ထင်သလောက်ကြီးတော့ ကောင်းမနေဘူး။ အရသာက သိပ်ကဲနေတော့ ခေါက်ဆွဲ ပါးပါးတောင် ကူသင့်တယ်။ အိမ်မှာ ဒါမျိုးကြီးပဲ လုပ်စားနေတာလား"
ဝူရွန်းသည် စိတ်ထဲတွင် စီထားသော စကားလုံးများကို တရစပ် ပြောလိုက်သော်လည်း ရိုက်ကူးရေးအဖွဲ့က လက်မခံပေ။ တစိမျှပင် မြည်းစမ်းခြင်း မရှိဘဲ ဝေဖန်သည့် အပိုင်းကိုသာ ရုပ်သံ အစီအစဉ်တွင် ထည့်သွင်း ပြသလိုက်ပါက အစီအစဉ် ရှိုးတွင် ပါဝင်သူ အားလုံး ပရိတ်သတ်များ၏ တံတွေးခွက်တွင် ပက်လက် မြောရပေလိမ့်မည်။ မဖြစ်ပေ။
ထို့ကြောင့် ဝူရွန်းက ဟင်းပွဲအား အနည်းငယ် မြည်းစမ်းလိုက်၏။
"အကဲဖြတ်ဒိုင်လူကြီးမင်း ဝူ အနေနဲ့ ဘယ်လိုမှတ်ချက်မျိုး ပေးချင်ပါသလဲ ခင်ဗျာ"
ဝူရွန်းက စိတ်မပါ လက်မပါပင် ပြန်ဖြေလေသည်။
"အသားရဲ့ အရသာက လျှာဖျားမှာရော ခံတွင်းထဲမှာပါ စွဲကျန်နေခဲ့ပါတယ်။ အချိုအချဉ်ကလည်း အချိုးကျမျှတပြီး အသားအဆီရဲ့ အအီဓါတ်ကို ဖြေဖျောက်ပေးတယ်ပေါ့။ အရသာ ကောင်းပါတယ်"
"ဟော... ဝူ လူကြီးမင်းရဲ့ မှတ်ချက်နဲ့အကဲဖြတ်မှုကတော့ အတော့်ကို ရလဒ်ကောင်းတဲ့ သဘောပေါ့နော်။ ဒီ ဟင်းပွဲမှာ အားနည်းချက်လေး တစ်ခုတစ်လေတောင် မရှိဘူးလားဗျ"
"သေချာလေး ဂရုစိုက်ပြီး ကြည့်မယ်ဆိုရင်တော့ တချို့ အားနည်းချက်လေးတွေ ရှိပါတယ်။ အရသာ မြည်းတဲ့ အချိန်ကလည်း ဒိုင်တွေများတဲ့အတွက် အချိန်တစ်ခု ကြာတော့ ဟင်းပွဲက အေးစက်ပြီး တချို့အရသာလေးတွေက ... ... ..."
ဝူရွန်း မှတ်ချက်ပေးနေရင်းမှပင် သူ့ ဟင်းလျာ၏ အားနည်းချက်ကို သတိထားမိသွားတော့သည်။ သူ၏ စတူးသည်လည်း ဆုယောင်ကဲ့သို့ပင် ချက်ပြုတ်ထားသော်လည်း ဟင်းချက်ဝိုင်နှင့် အသားအား နှပ်ထားခဲ့ခြင်း မရှိပေ။ သို့ဖြစ်၍ ဟင်းပွဲ အေးစက်လာသည်နှင့်အမျှ အသားညှီနံ့က ပိုပြင်းလာမည် ဖြစ်သည်။ ထို့ပြင် အချဉ်နှင့် အအီဓါတ်ကိုလည်း မသတ်ထားသည်မို့ ညှီကာ အီလည်လည် အရသာရှိမည် ဖြစ်ပြီး အသားကလည်း ဖွယ်နေပေလိမ့်မည်။ ဆုယောင်သည် နောက်ဆုံး မြည်းစမ်းသူ ဖြစ်သည့်အတွက် သူမ မြည်းသောအခါတွင်မူ ဟင်းပွဲက စတင်ကာ အေးနေတော့မည်။ ဆုယောင် အန်မည်ဆိုလည်း အန်လောက်ပါပေသည်။
ဝူရွန်း၏ ရုတ်တရက်ကြီး သူ၏ အမှားကို သိသွားကာ ဆုယောင်ဟင်းပွဲ၏ အားနည်းချက်ကို ဆက်ကာ မပြောတော့ပေ။ ဆုယောင်နှင့် ပရိတ်သတ်များဘက်သို့ လှည့်ကာ တောင်းပန်သွားပြီး မီးဖိုနောက်တွင်သာ မျက်နှာကို အုပ်ကာ သွားထိုင်တော့၏။ အစီအစဉ်အား လာရောက် ကြည့်ရှုနေကြသူများကမူ ဆွေးနွေးလေကန်စရာ ခေါင်းစဉ်ရသွားလေပြီး အခန်းအမိုးပင် ပွင့်မတတ် ငြင်းခုန်နေကြတော့သည်။
အကဲဖြတ်၍ ပြီးမည့်အချိန်ကို စောင့်နေသော ဝမ်ယန်ကမူ ဝူရွန်း သွားလေသည်နှင့် တူကို ကိုင်ကာ ဆက်ကာ စားနေတော့သည်။ ကျန်သည့် အကဲဖြတ် ဒိုင်များကလည်း ရောက်လာကြကာ ဟင်းပွဲအား အားပါးတရ စားနေကြ၏။
"အစ်မတို့ ...တအား စားပြီး နေကြပြီ ထင်တယ်နော်။ အရမ်း စားလွန်းရင် အဆီပိုတွေနဲ့ ဝလာပြီး ကြည့်မကောင်းဘဲ နေလိမ့်မယ်၊ အဲ့ ပန်းကန်လေး ကျွန်တော့်ကို ပေးလိုက်ပါ"
အားပါးတရ စားနေကြသော အကဲဖြတ် ဒိုင်များဆီမှ ဟင်းပွဲအား တောင်းလာသူသည် စုန့်ယန်ပင် ဖြစ်လေသည်။ စုန့်ယန်၏ စကားကြောင့် ဝမ်ယန်တို့က ဟင်းပွဲ ပန်းကန်အား မပေးချင် ပေးချင်နှင့် ပေးလိုက်ရပြီး စုန့်ယန်က ဟင်းပွဲအား အပိုင်သိမ်းကာ တဖြည်းဖြည်း စားနေလေသည်။ သူ၏ အစားစားပုံက ကြောင်လေးတစ်ကောင်ကဲ့သို့ပင်။ လူတကာ၏ ရင်ကိုပင် ကလိကလိဖြစ်စေ၏။
စားပြီးသွားသည့်အခါတွင်မူ စုန့်ယန်သည် ပန်းကန်းအား စားပွဲပေါ်သို့ အသာချကာ ဆုယောင် ရှိရာသို့ လျှောက်လာသည်။
"ဒီ ဝက်သား ဟင်းပွဲက အတော်လေးကို ကောင်းပါတယ်။ ခဏနေကြရင် ကျွန်တော့်ရဲ့ လက်ထောက်ကို ကျွန်တော့် အခန်းရဲ့ လိပ်စာပေးခိုင်းလိုက်ပါ့မယ်။ ညနေကျရင် ကျွန်တော့်ကို လာတွေ့ပါဦး"
စကားဆုံးသည်နှင့် စုန့်ယန်က သူ၏ နေရာသို့ ပြန်သွားလေတော့သည်။ စုန့်ယန်၏ စကားသံသည် မကျယ်သော်လည်း ပရိတ်သတ်အပေါင်းနှင့် အကဲဖြတ် ဒိုင်များအပါအဝင် ရိုက်ကူးရေးသမားများကပါ ကောင်းကောင်း ကြားလိုက်ကြသည်။ စုန့်ယန်က ဆုယောင်ကို ခေါ်ပြီး ညစာပါ ချက်ကျွေးခိုင်းတော့မလို့လား။ စုန့်ယန်၏ မျက်စိကျခြင်းကို ခံရသူသည် အတော်ပင် ကံကောင်းပြီး ဆုယောင်တော့ ရတနာသိုက်အား ဖင်ခုထိုင်မိပြီဟု ဆိုကြလေသည်။
ဆုယောင် တစ်ယောက်သာလျှင် ဤအခြေအနေကို နားမလည်နိုင်သေးသာ ဖြစ်သည်။
လူကြီးမင်း စုန့်ယန် ...လူကြီးမင်းက ကျွန်မကို ညနေကြီးခေါ်ပြီး ဟင်းချက်ခိုင်းဖို့တော့ မဟုတ်ပါဘူးနော်။ အခုမှတွေ့ဖူးတဲ့မိန်းကလေးကို တခါတည်း အခန်းထဲခေါ်ပြီး ရှင်က ဘာလုပ်မလို့တုန်း။ ရှင်တို့ရဲ့ လောကကြီးကလည်း ရှုပ်ထွေးလှချည်လား ရှင့်။