အပိုင်း(၆၀) ခေါင်ရမ်းပန်းဟင်း
လင်းရန်ချီက သူ့အပြစ်ကို ပြန်ပေးဆပ်ရန်အတွက် ရေထဲသို့ ထပ်ခါတလဲလဲ ခုန်ဆင်းသွားလေသည်။
လင်းရန်ချီ၏ ပုံစံက သနားစရာ ကောင်းနေသော်လည်း ကမ်းစပ်မှ အဖွဲ့သားများက ဝင်မတားခဲ့ပေ။
ဆုယောင်ကပင်လျှင် ထိုကဲ့သို့သော တောင်းပန်မှုမျိုးက သနားစရာ ကောင်းသည်ဟု မမြင်ခဲ့ပေ။
ကမ္ဘာပေါ်ရှိ ကံဆိုးမိုးမှောင်ကျမှု အများစုက နောက်ပြောင်ခြင်းများက စတင်ခဲ့သည် မဟုတ်လော။
ထိုသို့ဖြစ်သွားခဲ့လျှင် တောင်းပန်စကား အခေါက်ပေါင်း သောင်းချီပြောမည် ဆိုပါကလည်း ပြန်အဖက်ဆယ်နိုင်လိမ့်မည် မဟုတ်ပေ။
ရုတ်တရက် ဖြစ်ပျက်ခဲ့သော မတော်တဆဖြစ်ရပ်ကြောင့် ရိုက်ကူးရေးကို ရပ်နားလိုက်ရသည်။
ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းများက တစ်ယောက်မှ အသံမထွက်ရဲကြဘဲ စုန့်ရန်၏ ဘေးတွင် ကြက်သေသေနေခဲ့ကြသည်။
ရိုက်ကူးထားသော ဗီဒီယိုများကိုလည်း စုန့်ရန်က စစ်ဆေးပြီး အကုန်ဖျက်ပစ်လိုက်သည်။
အဝေးတွင် ရပ်နေသော ဝန်ထမ်းတစ်ယောက်က စုန့်ရန်၏ လုပ်ရပ်ကို ကြည့်ပြီး "စုန့်ရန်က ရင်းနှီးမြှုပ်နှံသူဆိုတော့ အထက်စီး အရမ်းဆန်တာပဲ။ သူလုပ်ချင်တာပဲ လုပ်ပြီး ငါတို့ကြိုးကြိုးစားစား ရိုက်ထားတဲ့ ဟာတွေကို ဖျက်ပစ်လိုက်တယ်။ ပြီးတော့ လင်းရန်ချီကလည်း တမင်လုပ်တာမှ မဟုတ်တာ။ သူတို့အရွယ်တွေက ပျော်တတ်တာပဲ မလား။ သူ့ကို ရေထဲ ထပ်ခါထပ်ခါ ခုန်ဆင်းခိုင်းနေတာက အရှက်ခွဲနေတာပဲ" ဟု ဘေးနားမှ လူကို မကျေမနပ် ပြောဆိုလိုက်သည်။
ထိုအခါ ဘေးနားမှ လူက သူ့ကို ထူးဆန်းသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ဘေးသို့ ခပ်ခွာခွာရွှေ့သွားသဖြင့် ထိုဝန်ထမ်းက "မင်းဘာလုပ်တာလဲ။ ငါပြောတာမှန်တယ်မလား။ ဒီခေတ်မှာ ပိုက်ဆံရှိတဲ့လူ