Chapter 78
Yamin AungSeptember 01, 2023
အပိုင်း (၇၈) ဝက်ကောင်ပေါက်ကင်စုန့်ရန်က တိတ်တဆိတ် နှာခေါင်းရှုံ့ပြလိုက်ပြီးနောက် တစ်ဖက်သို့ ပြန်လှည့်လိုက်သည်။
"ဆုယောင် ဘယ်ရောက်သွားတာလဲ"
ဝိုင်များကို မြည်းစမ်းနေသော ဆုယောင်က မိနစ်ပိုင်းအတွင်း ပျောက်သွားသဖြင့် လင်းရန်ချီက တစ်ဖက်ခြမ်းမှ ဆိုင်နှစ်ဆိုင်ကို ညွှန်ပြလိုက်ကာ "သူ ဟိုကို သွားတာ ထင်တယ်။ ဒီဘက်က ဝိုင်တွေကို သောက်ပြီးလို့ ဟိုဘက်ကိုသွားတာ ထင်တယ်" ဟု ပြောလိုက်သည်။
စုန့်ရန်က ထိုနေရာကို လှမ်းကြည့်လိုက်ပြီး ဆုယောင်အနောက်သို့ လိုက်သွားရန် ပြင်လိုက်သောအခါ လင်းရန်ချီက နောက်ကလိုက်လာ၍ "ခေါင်းဆောင်နဲ့ တူတူ ကျွန်တော်လည်း လိုက်မယ်။ ဆုယောင် သောက်နေပုံမျိုးနဲ့ ဆိုရင် မူးတော့မှာ သေချာတယ်" ဟု ပြောလိုက်သည်။
ထိုအခါ စုန့်ရန်က ခြေလှမ်းကို ရပ်တန့်လိုက်ပြီး "မင်း ဟိုနားမှာ သွားကြည့်ဖို့ လုပ်နေတာ မဟုတ်ဘူးလား" ဟု လင်းရန်ချီကို မေးလိုက်သည်။
ထိုသို့ သတိပေးစကားသံကြောင့် လင်းရန်ချီက ခေါင်းကိုရိုက်လိုက်ကာ မိုင်လို၏ နောက်သို့ လိုက်သွားတော့သည်။
"ခေါင်းဆောင်ပြောတာမှန်တယ်။ ငါ မိုင်လိုကို စောင့်ကြည့်ထားရမယ်"
ထို့နောက် စုန့်ရန်က လူအုပ်ထဲသို့ တိုးဝှေ့ကာ ဆုယောင်၏ နောက်တွင် ဝင်ရပ်လိုက်သည်။
စုန့်ရန်က ဆုယောင်၏ ခေါင်းကို ညင်ညင်သာသာ ပွတ်ပေးလိုက်ပြီး "နာရီဝက်နေရင် မီးပန်းပွဲတော် စတော့မယ်။ မင်းထပ်သောက်နေမယ်ဆိုရင် မီးပန်းတွေကို ကြည့်လို့ရမှာ မဟုတ်တော့ဘူးနော်" ဟု သတိပေးလိုက်သည်။
"အင်း"
ဆုယောင်က စုန့်ရန်၏ စကားကို နားထောင်မည်ဟု ဆုံးဖြတ်လိုက်၍ သူမ၏ ပူနေသော မျက်နှာကို လက်ဖြင့် ပုတ်လိုက်ပြီး ခေါင်းကိုမော့ကာ နောက်ဆုံးတစ်ငုံကို မော့သောက်လိုက်သည်။
မြစ်ကမ်းဘေးနားတွင် မီးပန်းပွဲတော် စတင်မည့် အချိန်နီးကပ်လာသည်နှင့်အမျှ လူများပိုစည်လာခဲ့သည်။