Chapter 104
Yamin AungSeptember 22, 2023
အပိုင်း (၁၀၄)ရှေ့နေအဖွဲ့က ကျွမ်းကျင်အဖွဲ့ ဖြစ်သဖြင့် (၁၀) မိနစ်အတွင်း ဟဲချွီလန်နှင့် ဆုကျန်းတို့က အတိတ်က အကြောင်းအရာများကို ဖော်ထုတ်ဝန်ခံလာကြတော့သည်။
ဟဲချွီလန်နှင့် ဆုကျန်းတို့ကို မိဘများက အသက်ငယ်သည့် အချိန်ကတည်းက ပေးစားခဲ့ကြသည်။
အိမ်ထောင်ရေး အခြေအနေက ပုံမှန်သာရှိပြီး ပြဿနာက ကလေးမမွေးနိုင်သည့် ကိစ္စဖြစ်သည်။
လက်ထပ်ပြီး ခုနှစ်ကြာသည့် အချိန်အထိ သားသမီးမထွန်းကားသေးသဖြင့် နှစ်ယောက်သား စကားများကာ ဆေးရုံသို့ ဆေးစစ်ရန် သွားခဲ့ကြသည်။
သို့သော် ကျန်းမာရေးတွင် ပြဿနာမရှိဘဲ ကလေးမရနိုင် ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် မိန်းမတစ်ယောက်က "အရင်ဆုံး သမီးတစ်ယောက်ကို ခေါ်မွေးထားလိုက်။ သမီးမွေးထားတဲ့ အမျိုးတွေရှိရင် သူတို့ဆီက ကလေးကို အိမ်မှာ ခဏခေါ်ထားလိုက်။ ပြီးရင် သားမွေးဖို့ လွယ်ကူသွားလိမ့်မယ်" ဟု အကြံပေးလိုက်သည်။
သို့သော် ဟဲချွီလန်နှင့် ဆုကျန်းတို့၏ အမျိုးထဲတွင် သမီးမွေးထားသည့်လူ တစ်ယောက်မှ မပါသဖြင့် နေ့စဉ်နေ့တိုင်း စုံတွဲများထံ ပြေးလွှားသွားလာနေခဲ့ကြသည်။
ထိုအခါ အကြံပေးလိုက်သော မိန်းမက ပတ်ဝန်းကျင်ကို အကဲခတ်ပြီး လူမရှိမှန်း သေချာမှ "မလွယ်ကူဘူးမလား။ မင်းတို့ ချမ်းသာရင် ဟိုဘက်ရွာက ဦးလေးမာကျီဆီ သွားလိုက်။ မင်းတို့ ဘယ်လို ကလေးမျိုး လိုချင် လိုချင် သူရှာပေးနိုင်တယ်" ဟု ပြောလိုက်သည်။
ဟဲချွီလန်တို့က အစပိုင်းတွင် ထိတ်လန့်ပြီး ထိုအတွေးမျိုးကို မတွေးခဲ့ကြသော်လည်း နောက်ပိုင်း ကလေးမရှိသည့် ပြဿနာက ပိုကြီးမားလာသဖြင့် အံ့ကိုကြိတ်ကာ ပိုက်ဆံ စုဆောင်း၍ ဟိုဘက်ရွာမှ ဦးလေးမာကျီဆီသို့ သွားခဲ့ကြသည်။