အပိုင်း - ၇
အရသာ နှစ်ဆ အမဲသားခြောက်
"ဆိုတော့ စုန့်ယန့်က မင်းချက်တဲ့ ဟင်းပွဲတွေကို ကြိုက်တယ်ပေါ့ ... ..."
စုန့်ယန်က ဆုယောင် လက်ရာ ဟင်းပွဲများကို ကြိုက်သည်ဟု သိရ၍ ယန်ရီဖန်း၏ မျက်နှာတွင် အပြုံးတစ်ပွင့်က ပေါ်လာလေ၏။ ဆုယောင်သည် ညလယ်ခေါင်ကြီးကိုပင် အပြေးအလွှား သွားကာ စုန့်ယန်အား ဟင်းချက်ပေးရခြင်းက ထိုသူသည် သူမအား အကြွေး ငါးသန်း ဟူသော တွင်းနက်ကြီးမှ ကယ်ထုတ်ပေးမည့်သူ ဖြစ်သောကြောင့် ဖြစ်လေသည်။
ယန်းရိဖန်း၏ မေးမြန်းမှုကို ဆုယောင်က အပြုံးလေးနှင့်သာ ဖြေလေသည်။
"အင်း...အဲ့တာက ဒီအတိုင်းပဲ ကံကောင်းလို့ ဖြစ်သွားတာပါ။ စားဖိုးမှူးကလည်း ရသစုံရှိုးမှာ အခုမှ စပါတာဆိုတော့ လိုအပ်ချက်လေး နည်းနည်း ရှိနေတာနဲ့ ပြပေးရင်းကနေ ဖြစ်သွားတာ"
ယန်းရိဖန်းကမူ အဓိပ္ပါယ် ပါစွာ ပြုံးလိုက်ပြီး ဆုယောင်အား ပြန်ပြောလေသည်။
"ကံကောင်းတာကလည်း တကယ့် သန်းထီကြီးပေါက်သလိုပဲနော်..."
စုန့်ယန်အတွက် စားဖိုမှူး လုပ်ပေးချင်နေကြသူများက အများအပြားပင်။ ငွေကြောင့်သော် လည်းကောင်း၊ စုန့်ယန်၏ ကျော်ကြားမှုကြောင့် သော်လည်းကောင်း ပတ်သက်ချင်နေကြသူများ ရှိသောကြောင့် စုန့်ယန်အတွက် စားဖိုမှူး မရှားပေ။ ထိုသို့သော လူများထဲကမှ ဆုယောင်အား စုန့်ယန်က အခကြေးငွေပေးကာ ငှားသည်ကို ကြည့်ရုံနှင့်ပင် ဆုယောင်၏ ဟင်းချက်စွမ်းရည်က သာမာန်မဟုတ်သည်ကို သိနိုင်လေသည်။
ဆုယောင်သည် ယန်းရိဖန်အား နေ့လည်စာအတူဝင်စားရန် ပြောလိုက်လေပြီး ဟင်း သုံးခွက်နှင့် စွတ်ပြုတ် တစ်ခွက်ကို ချက်လိုက်လေသည်။ ဟင်းအားလုံးက အိမ်ချက် အရသာပင် ဖြစ်ပြီး ယန်းရိဖန်းအား အိမ်လွမ်းသွားစေ၏။
ဟင်းများက နည်းသော်လည်း လိုက်ဖက်ကာ အရသာ ကောင်းမွန်သောကြောင့် ဆုယောင် တစ်လုတ်နှစ်လုတ်သာ စားရသေးသော်လည်း ဟင်းတွေက မရှိတော့ပေ။ ယန်းရိဖန်းက အားလုံးနီးပါး အပြောင်းရှင်းသွားလေသည်။
"ဒုတိယ ရိုက်ကူးရေးကျရင်လည်း ကောင်းကောင်းလုပ်နိုင်ရမယ်နော်။ မင်း လုပ်နိုင်မယ်လို့ ငါ ယုံပါတယ်"
ယန်းရိဖန်းက တင်းကားနေသော သူ၏ ဗိုက်ကို ပွတ်ကာ ပြောနေလေသည်။
"ဒီအပိုင်းမှာလည်း ကိုယ်က တအားကျွမ်းနေတဲ့ အရိပ်အယောင်မျိုးတွေ သိပ်မလုပ်နဲ့။ သိပ်ပြီး သန်မာတဲ့သူ မဟုတ်သလိုလေးနေ။ အခွင့်အရေး ရလာပြီဆိုမှ အရည်အချင်းတွေကို ထုတ်ပြ။ ဒုတိယ လူတွေက ပိုတော်တာကို လူတွေက သဘောကျကြတာများတယ်။ မှတ်ထားရမှာက အာရုံစိုက် မခံရစေနဲ့။ ရလာတဲ့ အခွင့်အရေးကို လက်မလွတ်နဲ့"
"အခုလို သင်ပြပေးတာအတွက် ကျေးဇူးပါ အစ်ကို ယန်..."
ဆုယောင်သည် ဝမ်းသာအားရနှင့် သူမ လုပ်ထားသော ကွက်ကီးများကို ထုတ်ကာ ကျွေးလေသည်။ လူတစ်ယောက်ကို အိမ်တွင်ခေါ်ကာ ထမင်းကျွေးဖူးသည်က ယခုအကြိမ်က ပထမဆုံးပေမို့ မှတ်မှတ်ရရ ဖြစ်နေစေချင်သည်။ ထို့ကြောင်ပင် အချိုတည်းရန်ပါ စီစဉ်ပေးခြင်း ဖြစ်လေသည်။
ယန့်ရိဖန်းကမူ တည်ခင်း ဧည့်ခံသော အရာအားလုံးကို အလွန်ပင် သဘောတွေ့နေပြီ ဖြစ်၏။ သူ ဆုယောင်ဆီသို့ မလာခင်အချိန်တွင် အစ်မ တိုက်ကျောက်ထံမှ ဆုယောင်၏ သတင်းကို အတော်များများ သိရှိခဲ့ပြီး ဖြစ်သည်။ ယခုတွင်မူ ဆုယောင်၏ ဟင်းချက်စွမ်းရည်အား တကယ်ပင် အသိအမှတ်ပြုလိုက်ပြီ။
သူက သူ၏ လက်ကို ဆန့်ကာ ဆုယောင်ထံသို့ ကမ်းလိုက်လေသည်။
"ပြန်ပြီး မိတ်ဆက်ရမယ်ဆိုရင် ငါက ယန်ရိဖန်းပါ။ အနာဂတ်မှာ မင်းရဲ့ အေးဂျင့် ဖြစ်လာပါလိမ့်မယ်။ စေတနာနဲ့ လုပ်ငန်းအရ မင်းကို အဆိုးအကောင်း အကုန် သင်ပြပေးပါမယ်။ ငါတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲသွားနိုင်ဖို့ မျှော်လင့်ပါတယ်..."
"ပျော်ရွှင်စရာ လက်တွဲမှုပါ..."
ဆုယောင် လက်ဆွဲ နှုတ်ဆက်လိုက်ပြီး အပြုံးများကလည်း ပိုမိုကာ ချိုမြိန်လာလေသည်။ နှစ်ယောက်လုံးသည် အကျိုးတူ ပူပေါင်းမှုအတွက် အလွန်ပင် ကျေနပ်နေကြ၏။
အထူးသဖြင့် ယန်ရိဖန်း ဖြစ်ပြီး အနာဂတ်တွင် စာချုပ် ပြီးသွားလျှင်လည်း ဆုယောင်အား သူလက်လွတ်ခံမည် မဟုတ်ပေ။ သူ၏ အေးဂျင့်အမြင်အရ ဆုယောင်၏ ကိုယ်ရည်ကိုယ်သွေးသည် အလွန်ပင် ထူးခြားကာ အောင်မြင်လာဦးမည့် အရိပ်အယောင်များလည်း ရနေသည်။
"အစားအသောက် ရသစုံရှိုးရဲ့ ဒုတိယပိုင်းက နောက် ရက်အနည်းငယ်မှာ ရိုက်ကူးလိမ့်မယ်။ အဲ့အချိန်ကျရင် ငါ မင်းကို လာခေါ်မယ်။
ယန်ရိဖန်းသည် ဆုယောင်အား မှာကြားကာ အခန်းပြင်သို့ ထွက်ရန်ပြင်လိုက်ပြီးမှ မှာစရာ ကျန်သေးသည်ကို သတိရကာ ပြန်ဝင်လာလေသည်။
"မင်းက ဟင်းချက် ကောင်းတယ်ဆိုတော့ ဒီလိုလုပ်။ ရိုက်ကူးရေး စမယ့် နေ့ကျရင် အဆာပြေစားဖို့ သရေစာ မုန့်တွေ လုပ်ပြီးထည့်ခဲ့..."
"သရေစာလား"
"အင်း....သရေစာမုန့်။ များများ လုပ်ပြီး လှလှလေး ထုတ်ပိုး။ ဒီလိုမျိုး ရသစုံရှိုးတွေက အရင်ဆုံး ရိုက်ကူးပြီးမှ တည်းဖြတ်တာ။ အဲ့တာဆိုတော့ ကိုယ့်ရဲ့အခန်းတွေ ကောင်းနေဖို့ဆိုရင် ရှိုးက လူတွေနဲ့ ဆက်ဆံရေး အဆင်ပြေနေဖို့ လိုတယ်။ မင်းရဲ့ အံ့ဩစရာ ဟင်းချက် စွမ်းရည်တွေ ပြခွင့် မရလို့ မဖြစ်ဘူး။ အဲ့တော့ သူတို့ရဲ့ အမြင် ကောင်းကောင်း ရထားဖို့ လိုမယ်။ သိလား...။ ငါ့အတွက်ရော ပိုလုပ်ပေးဦး"
ဆုယောင်သည် ဤသို့ ပြုလုပ်ရန်က လိုအပ်လို့လားဟု တွေးနေသော်လည်း ခေါင်းသာ ညိတ်နေရလေသည်။ သူမ၏ လောလောလတ်လတ် အေးဂျင့်ကြီးက လိုအပ်၍ ညွှန်ကြားနေသည်ကို မလိုက်နာပါက မလိုလားအပ်သော အရှုပ်အထွေးများ ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် ယန်ရိဖန်း ပြောသမျှကို ခေါင်းညိမ့်နေရန်သာ တတ်နိုင်၏။ သို့ရာတွင်မူ...
ဆုယောင်သည် ယန်ရိဖန်း ပြောသမျှအား ခေါင်းတညိတ်ညိတ်နှင့် နားထောင်နေရသော်လည်း ပြဿနာ သူမတွင် ရှိနေလေသည်။ ပြောရသည်ကလည်း ခက်နေသည်မို့ ဆုယောင် သူမ၏ လက်တို့ကိုသာ နာနာပွတ်မိနေလေသည်။
"ဟိုလေ...သရေစာက လုပ်ကို လုပ်ပြီး ပေးရမယ်ဆိုတာ ကျွန်မ သိပါတယ်။ ပြီးတော့ အဲ့တာတွေ လုပ်မယ်ဆိုရင် ပစ္စည်းတွေ၊ ဘာတွေကလည်း လိုဦးမှာလေ။ လောလောဆယ်ကျတော့ ကျွန်မမှာ ငွေကြပ်နေလို့။ လစာလေးနည်းနည်း ကြိုထုတ်ပေးလို့ ရမလားဟင်"
"သရေစာလေး လုပ်တာ ဘယ်လောက်ကုန်မှာမို့လို့လဲ။ မင်းက နာမည်ကြီး မဟုတ်ရင်တောင် အဲ့လောက် ပိုက်ဆံလေးတော့ ရှိသင့်တယ် မဟုတ်ဘူးလား"
ယန်ရိဖန်းကမူ ဆုယောင်က သူ့အား စနောက်နေသည် ထင်၍ပင် ပြန်ကာ ပြောလေသည်။ ဆုယောင်ကမူ စကားနှင့်ဆက်ကာ မပြောတော့ပေ။ သူမ၏ မွေ့ယာ မပါသော အိပ်ယာ၊ ဆိုဒ်အလွန်ပင် ကြီးနေသော ဧည့်ခန်းစီး ဖိနပ် ၊ ဆိုဖာပင် မရှိသော ဧည့်ခန်းတို့ကိုသာ လက်ညှိုးထိုးပြလိုက်လေသည်။
"ဒီအတိုင်း သုံးဖို့ ပိုက်ဆံလည်း မရှိသေးဘူး။ ရသစုံရှိုးကလည်း လစာ မရသေးဘူးလေ"
ဆုယောင်သည် ရှက်လွန်း၍ တွင်းနက်နက်ထဲသို့သာ ခုန်ဝင်လိုက်နေချင်တော့သည်။ ယနေ့မှ အတည်ပြုကာ ပူးပေါင်းသော အေးဂျင့်ဆီက ယနေ့ပင် ကြိုကာ လစာထုတ်သော်လည်း သူမလောက် မွဲပြာကျနေသည့်သူက ဘယ်မှာများ ရှိပါမည်နည်း။ မရှိနိုင်ပေ။ သို့သော်လည်း မတောင်း၍ကလည်း မဖြစ်။ သူမတွင် အမှန်ပင် ငွေပိုငွေလျှံ ရှိမနေချေ။
ယန်ရိဖန်းကမူ ဆုယောင်၏ သနားစဖွယ်ပုံလေးကြောင့် သူ၏ ကိုယ်ပိုင်အိတ်ထဲမှ ထုတ်ကာ ငွေတချို့ကို ပေးလေသည်။ မုန့်ဖိုးပေးသည် ဖြစ်ပြီး ပြန်ပေးရန် မလိုကြောင်းနှင့် မုန်လုပ်လျှင်သာ သူ့အတွက် ပိုလုပ်ပေးရန် မှာကြားကာ ပြန်သွားလေသည်။ ဆုယောင်ကမူ ငွေပမာဏအား မှတ်ထားလိုက်ပြီး သူမ လစာရသည့် အခါမှသာ အကြွေးပြန်ဆပ်ရန် တေးထားလိုက်လေသည်။
ယခု ရသစုံရှိုးသည် လောင်ခမ်း၏ စီစဉ်တင်ဆက်မှုဖြစ်သောကြောင့် သူမ၏ နောက်တွင် တိုက်ကျောက် ရှိနေစေကာမူ လွယ်ကူမည်တော့ မဟုတ်ပေ။ မည်သို့ပင် ဖြစ်စေကာမူ သူမသည် ယခုတော့ သရေစာ ပြုလုပ်ရပေဦးမည်။
သရေစာ လုပ်မည်ဟူသော ရည်ရွယ်ချက်နှင့် ဆုယောင်သည် ဈေးဝယ် စင်တာသို့သွားကာ လိုအပ်သည်များ ဝယ်ခြမ်းပြီးနောက် တိုက်ခန်းသို့ ပြန်လာလေသည်။ နောက်ရက်များတွင်မူ သူမသည် သရေစာအတွက် အလုပ်ရှုပ်နေလေတော့သည်။
သူမသည် တိုက်ခန်းတွင်း အောင်းကာ အသားများကို ချက်ပြုတ်နေသည်မို့ အနံ့က ထွက်ပြီးရင်း ထွက်လာကာ အိမ်ထဲတွင် ပြည့်လာလေတော့သည်။ အနံ့က များလွန်းကာ အိမ်ထဲတွင် လှောင်နေသည်မို့ ဆုယောင်ချက်ရင်း ပြုတ်ရင်းပင် အိမ်ပြတင်းများကို ဖွင့်ထားလိုက်လေသည်။
လေကလည်း တသုန်သုန်တိုက်သည်မို့ ဆုယောင်၏ ဟင်းနံ့သည် လေတိုက်ရာနေရာတိုင်းသို့ ပျံ့သွားလေတော့သည်။
အခန်း (၁၂၀၁)
"မိန်းမရေ ... အမဲသား ဟင်းလားကွ...။ အနံ့က မွှေးလိုက်တာ။ ကိုယ် ဗိုက်ဆာလာပြီ"
"ဘာတွေ ပြောနေတာလဲ။ ဒီနေ့ အိမ်မှာ ဟင်းမချက်ဘူး။ အပြင်ထွက်စားမှာ"
အခန်း (၁၂၀၃) အန်တီ ချိုက်
ဟဲ့...ဟဲ့...ဘယ်အိမ်က ညော်နေတာတုန်းဟဲ့။ တအားကို မွှေးလွန်းနေတာ။ မပေးချင်လည်း မညော်ကြနဲ့ဟေ့။ စိတ်ကင်ဆာတွေ ရတယ်။
အခန်း( ၉၀၁) အန်တီ ကျောင်
သည်နေ့ ရတဲ့အမဲသားဟင်းနံ့က ကောင်းလွန်းလို့ ဆိုပြီး ယောက်ျားက အမဲသားဟင်းကို တအားချက်ခိုင်းနေတယ်။ မနက်ဖြန်ကျမှ ချက်ပြီး တဝကြီးကို ကျွေးလိုက်ဦးမယ်။
အခန်း (၁၁၀၂) အန်တီ လင်း
ဘယ်သူ့ ဟင်းလဲဟေ့။ ငါတို့ တစ်မိသားစုလုံးကတော့ သွားရည်ကျနေပြီ။
အခန်း (၁၅၀၂) မန်လင်း
အနံ့က တကယ့်ကို မွှေးတာ ဟ။ ငါ့ မိန်းမက အမဲသား စတူး စားချင်တယ်ဆိုလို့ ငါ့မှာ အပြေးအလွှားတောင် သွားဝယ်ပေးရတာ။ ပြီးတော့ တစ်ကိုက်ပဲ စားပြီး ဆက်မစားတော့ဘူး။
အခန်း ( ၁၅၀၈) အန်တီ ဝူ
အိမ်က လူကြီးကတော့ အမဲသားနံ့ မွှေးလွန်းလို့ စားသောက်ဆိုင် အရသာပဲ စားမယ် ဆိုပြီး ခေါ်သွားလေရဲ့။ ဟိုရောက်တော့ သည်လောက်လည်း မဟုတ်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ်ပါဟယ်။ ချက်ဖြစ်ရင်တော့ ထမင်းစားလေး ခေါ်ပါဦး။ တစ်ခါလောက် စားဖူးချင်လို့ပါ။
လေတိုက်တိုင်း ရနေသည့် အမဲသားနံ့ မွှေးမွှေးက ပတ်ဝန်းကျင်ရှိ လူများအား စားချင်စိတ်ကို အလွန်အမင်းပင် ဖြစ်ပေါ်စေပြီး မစားရသည့်အခါ ဒေါသများ ဖြစ်လာစေတော့သည်။ တစ်နေ့တာသာ ဖြစ်သည့် ဒုက္ခပေမို့ ကြိတ်ကာ သည်းခံလိုက်ရန် ဟင်းနံ့ ရသူတိုင်းက တွေးထားကြလေသည်။
နောက်တစ်ရက်တွင် ဖြစ်သည်။
ချက်ပြုတ်ချိန် ရောက်သည်နှင့် အမဲသားနံ့က ထွက်လာပြန်သည်။
သည်းမခံနိုင်ကြတော့ပေ။
ဘယ်သူလဲဟေ့...ငါတို့ကို မစားရ အညော်ခံ၊ သွားရည်ကျအောင် လုပ်နေတဲ့သူက။
ပတ်ဝန်းကျင်ရှိ လူများက တရားခံမပေါ်စွာ ကျိန်ဆဲကြလေတော့သည်။
ဆုယောင်မှာမူ အခန်းထဲတွင် နေရင်းမှပင် နှာထ ချေလေတော့သည်။
ယန်းရိဖန်းသည် ရိုက်ကူးရေး ရှိလေသည်မို့ ဆုယောင်အား လာကြိုလေပြီး ဆုယောင်က စက္ကူပုံး နှစ်ပုံးကို ပြင်ထားသည်ကို တွေ့လိုက်ရလေသည်။
"ကြားရက်တွေတုန်းက မင်း မနားဘူးလား"
"ဟင့်အင်း...မနားဘူး"
ဆုယောင်သည် အသာအယာပင် လက်ယမ်းပြရင်း စက္ကူပုံးများအား ယန်ရီဖန်းဆီသို့ လက်လွဲလိုက်လေသည်။ ယန်ရိဖန်းသည် ပစ္စည်းများအား ကားထဲတွင် နေရာချလိုက်လေပြီး ဆုယောင်အား လှမ်းမေးရန်လည်း မမေ့ပေ။ ဆုယောင်ကမူ အေးအေးသက်သက်သာသာပင်။
"ကျွန်မ တစ်ခါမှ မဝေဖူးတော့ နည်းနေမလား မပြောတတ်ဘူး"
"ဘယ်သူ့အတွက် နည်းမှာလဲ။ မင်း မောင်လေး စုန့်ယန်အတွက်လား"
ဆုယောင်သည် ယန်ရိဖန်း၏ စကားကြောင့် ချောင်းပင် သီးသွားလေကာ သူမ လုပ်ထားသည့် သရေစာကို ထုတ်ပြလေသည်။ သရေစာ ထည့်ထားသည့် အညိုရောင် စက္ကူအိတ်လေးသည် အနေတော်ပင်။ ကြီးသည်လည်း မဟုတ်။ သေးသည်လည်း မဟုတ်ပေ။ သို့သော် အလေးချိန်ကတော့ အတော်လေး ရှိလေ၏။
ယန်ရိဖန်းက အိတ်အား ဖွင့်ကြည့်လိုက်လေပြီး မျက်ခုံးများပင် ပင့်မိသွားလေသည်။
"အမဲသား ခြောက်တွေလား။ ပုံးတွေထဲက အကုန်လုံးကလေ"
"ဟုတ်တယ်။ အကုန်လုံးပဲ။ ကြွပ်ကြွပ်လေးနဲ့ စပ်စပ်လေး။ အစပ် အရသာ နှစ်ဆ လုပ်ထားတာ"
"ဒါပဲလား။ တခြား သရေစာ မပါတော့ဘူးလား"
"အာ....ဥက္ကဌ စုန့်အတွက် လုပ်ထားတဲ့ ပျားရည်အရသာ အမဲသား ခြောက်တော့ ပါသေးတယ်"
"... ... ... ... ... ... ..."
ယန်ရိဖန်း စကားပင် မပြောနိုင်တော့ချေ။
သူ ဆုယောင်အား သရေစာ လုပ်ရန် ပြောခဲ့သည်က မှန်သော်လည်း သူ ဆိုလိုသည်က ဘီစကွက်တို့ ကွက်ကီးတို့ကဲ့သို့ သယ်ရ လွယ်ကူကာ အမြင်တင့်တယ်ပြီး ပေါ့ပေါ့ပါးပါး ရှိသော အရာမျိုးကို ဆိုလိုခြင်း ဖြစ်သည်။ ဆုယောင်က အတည်ကြီးပင် ကောင်းကောင်းမွန်မွန်ကြီး ပြင်ဆင်လာမည်ဟု မထင်ထားပေ။
ဆုယောင် သရေစာ လုပ်ရန်အတွက် လစာ ကြိုထုတ်သည့် အကြောင်းကို ယခုတွင်မူ မအံဩတော့ချေ။ အမဲသားခြောက် ဤမျှ ရရန်က နွားတစ်ကောင်လုံး နီးပါးပင် ဝယ်ရပေလိမ့်မည်။ ယန်ရိဖန်း ဆုယောင်အား ကြည့်ကာ အတွေးလွန်နေသည်မို့ ဆုယောင်က သတိပေးလာလေသည်။
"အစ်ကို ယန်...အရင်ဆုံး စားကြည့်ပြီးတော့ အခြေအနေလေး နည်းနည်း ပြောကြည့်ပေးပါဦး"
ယန်ရိဖန်းကမူ စိတ်ရှုပ်သော မျက်နှာနှင့် စက္ကူအိတ်အား ဖွင့်လိုက်လေသည်။ အိတ်ဖွင့်လိုက်သည်နှင့်ပင် ထွက်လာသော အနံ့က ရင်ခုန်ဖွယ်ရာပင်။ အရသာအား မြည်းစမ်းရန် သူ မစောင့်နိုင်တော့ပေ။
ဖောက်...
ယန်ရိဖန်းက အိတ်ကို ဖောက်ကာ အမဲသားခြောက်တစ်ခုကို ယူကာ ဝါးလိုက်လေသည်။ အရသာက လျှာပေါ်တွင် ပေါ်လာသည်နှင့် အမြန်ပင် ဝါးစားလိုက်ပြီး စိတ်လှုပ်ရှားစွာနှင့် ပြောလာလေတော့သည်။
"မြန်မြန်လုပ်။ စက္ကူပုံးကို ယူပြီး ရိုက်ကူးရေးက လူတွေကို ဝေလိုက်။ ငါတို့ ပိုပြီး အကျိုးရှိလောက်တယ်"
တစ်ခါ မြည်းစမ်းဖူးရုံနှင့်တင် လျှာပေါ်တွင် တစ်သက်စွဲသည့် အရသာဆိုသည်ကို ကြားဖူးကြပါသလား။
မကြားဖူးလျှင် မှတ်ထားလိုက်ကြပါ။
ဆုယောင်၏ လက်ရာသည် ဤကဲ့သို့သော လက်ရာမျိုးပင် ဖြစ်သည်။ နတ်သုဒ္ဓါအလားပင် ထင်မှတ်မှားရလေ၏။