Chapter 90
Yamin AungSeptember 10, 2023
အပိုင်း (၉၀)ဆရာမက ညဈေးတန်းတွင် နာမည်အကြီးဆုံးဖြစ်သော ခရုဟင်းကို ချက်နေသည်ဟု သတင်းကြားသဖြင့် အရှေ့ဘက်တွင် အလုပ်လုပ်နေသော လီမြောင်က အခွင့်အရေးကို လက်လွှတ်မခံနိုင်ခဲ့ပေ။
ထို့ကြောင့် လူကြားထဲသို့ တိုးဝင်ကာ ဂွမ်ယုပင်း၏ ဘေးတွင်ရပ်ပြီး "ဆရာမက လူကိုယ်တိုင် ချက်ကျွေးရအောင် သူက ဘယ်သူလဲ" ဟု လေသံကိုနှိမ့်ကာ မေးလိုက်သည်။
"မင်းက ဘာလို့ အဲ့လောက် ဂရုစိုက်နေတာလဲ။ ဒီနေ့ မင်းချက်ထားတဲ့ ဟင်းပွဲတွေက (၁၀၀)% အပြည့် မကောင်းသေးဘူး။ အရသာက သာမန်ပဲ။ ခရုဟင်းက အရည်အသွေး မမှီသေးဘူး။ ခုဆရာမ ချက်ပြနေတာကို သေသေချာချာ လိုက်ကြည့်ထား"
"ဟုတ်"
ဂွမ်ယုပင်း၏ စကားကြောင့် လီမြောင်က ကျန့်ချင်း၏ လှုပ်ရှားမှုများကိုသာ အာရုံစိုက်လိုက်သည်။
ကျန့်ချင်းနှင့် ဆုချန်းဝမ်တို့က စားဖိုမှူးလောကတွင် မသိုမဝှက်ဘဲ သင်ကြားပေးတတ်သော ရှားပါးသည့် ဆရာများ ဖြစ်ကြသည်။
ထို့ကြောင့် ယခု ကျန့်ချင်းက သူမ၏ အနီးတွင် တပည့်များ ရပ်ကြည့်နေသည်ကို ကိစ္စမရှိဘဲ ချက်နည်းကို အသေအချာ ရှင်းပြနေခဲ့သည်။
"ခရုက အရသာရှိပေမယ့် အမြီးတွေက ဖြတ်ရခက်တယ်"
ကျန့်ချင်းက ခရုကိုကိုင်ပြီး တပည့်များကို လှမ်းကြည့်လိုက်ကာ ကတ်ကြေးဖြင့် အမြီးကို ဖြတ်ပြလိုက်သည်။
ထို့နောက် "ခရုဟင်းက အရသာအချိုးအစားရယ်၊ အပူချိန်ရယ်နဲ့ တခြားအရာတွေလည်း အရေးကြီးတယ်" ဟု သင်ကြားပြသလိုက်သည်။
ခရုမည်မျှပင် ကြီးကြီး ကျန့်ချင်း၏ လက်ထဲတွင် လှပစွာ ဖြတ်တောက်ခြင်း ခံရသည်။
ခရုအမြီးမှ အညစ်အကြေးများကို ထုတ်ပြီး အရသာရှိစွာ ချက်ပြုတ်တော့မည် ဖြစ်သဖြင့် ခရုကို ရေဖြင့် အသေအချာ ဆေးကြောလိုက်သည်။
အိုးထဲတွင် ဆီပူက အဆင်သင့် ဖြစ်နေပြီ ဖြစ်သဖြင့် ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို အနံ့မွှေးသည်အထိ ထည့်ကြော်လိုက်သည်။