Chapter118
Yamin AungOctober 02, 2023
အပိုင်း (၁၁၈)နို့လက်ဖက်ရည် ပူပူနွေးနွေးက အေးမြသော ရာသီဥတုနှင့် အလွန်လိုက်ဖက်နေခဲ့သည်။
ဟင်းပွဲများ စားအပြီး နို့လက်ဖက်ရည် ပူပူနွေးနွေးကို အချိုတည်းလိုက်ရခြင်းက ဧည့်သည်များ အတွက် ကျေနပ်မှု အပြည့်ရစေခဲ့သည်။
ဧည့်သည်များက တစ်ဝိုင်းပြီး တစ်ဝိုင်း အဆက်မပြတ် ရောက်လာသဖြင့် စားသောက်ဆိုင် ဝန်ထမ်းများလည်း မနားခဲ့ရပေ။
ဆုယောင်နှင့် ကျင့်ရီပေါ်တို့ကလည်း အထူးဟင်းလျာများကို မည်မျှ ချက်ပြုတ်ခဲ့ရမည်မှန်း မသိတော့ဘဲ လက်ကောက်ဝတ်များပင် နာလာတော့သည်။
သို့သော် ဆုယောင်နှင့် ကျင့်ရီပေါ်တို့က ပင်ပန်းနေကြသော်လည်း အော်ဒါများ ဆက်တိုက်ဝင်နေသဖြင့် ပျော်ရွှင်စွာ ချက်ပြုတ်နေခဲ့ကြသည်။
"မမ နံရိုးအတိုတွေ သိပ်မကျန်တော့ဘူး။ ဝက်ကြိတ်သားရော၊ တိုဟူးရော၊ အသားလုံးတွေရော ကုန်တော့မယ်"
ထိုအချိန်တွင် ပါဝင်ပစ္စည်းများကို ပြင်ဆင်ပေးနေသော ဆုယွဲ့က လက်ကျန်ပစ္စည်းများကို ကြည့်ပြီး ဆုယောင်ကို လှမ်းအော်ပြောလိုက်သည်။
"ပစ္စည်းတွေ မလောက်တော့ဘူး ဟုတ်လား"
"ဟုတ်တယ်။ ဒီနေ့အတွက် ပြင်ထားတဲ့ ပစ္စည်းတွေ အကုန်ကုန်တော့မယ် မမ။ ထမင်းပဲ ကျန်တော့မယ်"
ထိုအခါ ဒေါင်တုံးကျယ်နှင့် ရှားလုဝမ်တို့က "နို့လက်ဖက်ရည်တော့ ကျန်သေးတယ်" ဟု ထပြောလိုက်ကြသည်။
အစောကြီး ပစ္စည်းများ ကုန်တော့မည် ဆိုသဖြင့် ဆုယောင်က မယုံနိုင်ဖြစ်သွားပြီး ပြင်ဆင်သည့် နေရာကို လှမ်းကြည့်လိုက်သောအခါ အမှန်တကယ်ပင် ကုန်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။