Chapter 91
Yamin AungSeptember 11, 2023
အပိုင်း (၉၁) ပင်လယ်စာ ဆန်ပြုတ်ကျန့်ချင်းတို့ စုံတွဲနှစ်ယောက်နှင့် ဖုန်းနံပါတ် လဲလှယ်ပြိီးနောက် ဆုယောင်က ရန်ယိဖန်း၏ ခေါ်ဆောင်မှုနှင့်အတူ တိုက်ခန်းဆီသို့ ပြန်လာခဲ့သည်။
ဆုယောင်က ကားပေါ်မှ ကျန့်ချင်းတို့ စုံတွဲ၏ လက်မလွှတ်ပေးချင်သည့် မျက်နှာကိုမြင်ပြီး နှလုံးသားများ ဆွဲစုတ်ခံရသကဲ့သို့ ခံစားရကာ အနောက်ခန်းတွင် ထိုင်ပြီး တိတ်တဆိတ် ငိုကြွေးလိုက်သည်။
ခရုဟင်းကို လောဘတကြီး စားလိုက်မိခြင်းကြောင့် ဆုယောင်၏ လည်ချောင်း တစ်ခုလုံး မီးတောက်နေပြီး စိတ်ခံစားချက်က အတက်အကျ ဖြစ်နေခဲ့သည်။
ထို့ကြောင့် တိုက်ခန်းသို့ ပြန်ရောက်သွားသောအခါ ဆုယောင်က ဖျားသွားခဲ့သည်။
အဖျားကျသွားပြီး တစ်ရက်ကြာသွားသောအခါ ဆုယောင်က မိဘများကို ပြန်တွေ့သည့် အိပ်မက်မက်နေခဲ့သည်။
"ကလင် ကလင်!"
ဖုန်းသံမြည်လာသောအခါ ဆုယောင်က အိပ်မက်မက်နေရာမှ ချွေးစေးများဖြင့် နိုးလာခဲ့သည်။
ဆုယောင်က ဆက်သည့်လူကို မကြည့်ဘဲ ဖုန်းကို တန်းကိုင်လိုက်ကာ "ဟယ်လို" ဟု ထူးလိုက်သည်။
တစ်ဖက်မှ အသက်ရှူသံ တိုးတိုးလေးကို ကြားလိုက်ရသဖြင့် ဆုယောင်က ထူးဆန်းသွားကာ နာမည်ကို ကြည့်လိုက်ပြီး "ညလယ်ခေါင်ကြီး ဖုန်းဆက်ပြီး ကျွန်မကို လာခြောက်နေတာလား စုန့်ရန်။ ကလေးဆန်လိုက်တာ" ဟု ပြောလိုက်သည်။
"ငါမင်းကို ဘယ်မှာခြောက်လို့လဲ။ လူတစ်ယောက်က ငါ့ကို ဟင်းချက်ကျွေးဖို့ အကြွေးတင်နေတယ်။ ပြီးတော့ သုံးရက်ဆက်တိုက် မအောင်မြင်တဲ့ စွပ်ပြုတ်တွေ တိုက်ပြီး ပျောက်ချင်းမလှ ပျောက်သွားလို့လေ။ မင်းဘာတွေ အလုပ်များနေတာလဲ။ ဒါနဲ့ မင်းရဲ့အသံက ဘာဖြစ်တာလဲ။ စိတ်ဆိုးနေတာလား"
"အဟမ်း အဟမ်း! မဟုတ်ပါဘူး။ အအေးမိနေလို့ပါ"
ဆုယောင်၏ အဖြေစကားကြောင့် စုန့်ရန်က သက်ပြင်းချလိုက်ကာ "အင်း ငါသိပြီ။ ငါမင်းဆီကို မနက်ဖြန် လာခဲ့မယ်" ဟု ပြောလိုက်သည်။