Chapter 41
Yamin AungJuly 18, 2023
အပိုင်း (၄၁) ဝက်သား ထမင်းပေါင်းဆုယောင်တို့ အဖွဲ့သားများက တစ်နေရာတွင် ကြာကြာမနေဘဲ တစ်နေရာပြီး တစ်နေရာ ကူးနေသဖြင့် သူတို့၏ တည်နေရာကို ပရိသတ်များ ရောက်လာလိမ့်မည် မဟုတ်ဟု ထင်ထားခဲ့ကြသည်။
သို့သော် ယခု ကားများ အလျှိုလျှိုဖြင့် ရောက်လာသောအခါ အဖွဲ့သားများ အားလုံးက မနီးမဝေးမှ ရိုက်ကူးနေသော ခရစ်ဆီသို့ အကြည့်ရောက်သွားကြသည်။
"အရင်တစ်ခေါက်တုန်းက ဈေးတောင် လျှော့ပေးလိုက်တဲ့ဟာကို။ အဲ့လိုမှန်းသိရင် ပုံမှန်ဈေးနဲ့ပဲ ရောင်းလိုက်ပါတယ်"
လင်းရန်ချီက ခရစ်ကို ကြည့်ပြီး မကျေမနပ် ရေရွတ်လိုက်ကာ တစ်ဖက်သို့ ပြန်လှည့်ပြီး နွေးထွေးသော အပြုံးကို ပြုံး၍ "ဘာလို့ မြန်မြန် ရောက်လာကြတာလဲ။ ကိုယ့် လုံခြုံရေးကို ကိုယ်ဂရုစိုက်ကြပါ" ဟု ပရိသတ်များကို ကြည့်၍ ပြောလိုက်သည်။
"အား...၊ ရန်ချီ ဓာတ်ပုံ အတူတူ ရိုက်လို့ရမလား"
"လက်မှတ်ထိုးပေးပါလား၊ ရန်ချီ"
ပွဲဦး ထွက်ခါစသာ ရှိသေးသော လင်းရန်ချီ၏ ပရိသတ်များက လင်းရန်ချီ၏ အနားတွင် ပတ်လည်ဝိုင်းကာ အော်ဟစ် ဆူညံနေကြသည်။
မိန်းကလေးများဘက်တွင်လည်း ချောင်မန်လင်းနှင့် ဝမ်ယုတို့က ခပ်ရိုင်းရိုင်း ပရိသတ်များနှင့် ကြုံဖူးသော အတွေ့အကြုံ ရှိသဖြင့် ယောက်ျားလေး ပရိသတ်များ ဝိုင်းလာသောအခါ ဆုယောင်ကို အလယ်သို့ပို့ပြီး ဆုယောင် အနောက်တွင် ကာနေလိုက်ကြသည်။
ဆုယောင်က ရုတ်တရက် ဖြစ်သွားသဖြင့် နားမလည်နိုင် ဖြစ်နေခဲ့သည်။
ထိုအခါ ချောင်မန်လင်းက ဆုယောင်၏ လက်မောင်းကို ညှစ်ပြီး "နင် နောက်ဆို အဲ့လူတွေက ဘယ်လောက် ကြောက်စရာ ကောင်းလဲဆိုတာ သိလာလိမ့်မယ်" ဟု တီးတိုး ပြောလိုက်သည်။
အသံတိတ်နေသော ရိုက်ကူးရေး အဖွဲ့က ဆုယောင်တို့ ဘေးတွင် ပတ်လည်ဝိုင်းနေသော ပရိသတ်များနှင့် မနီးမဝေးမှ တိုက်ရိုက် ထုတ်လွှင့်နေသော ခရစ်ကို တွေ့လိုက်သောအခါ စတင်လှုပ်ရှားလာခဲ့သည်။