Chapter 113
Yamin AungSeptember 29, 2023
အပိုင်း (၁၁၃)ဆုယောင်က စုန့်ရန်၏ အကြည့်ကြောင့် ရင်ဖိုသွားပြီး စုန့်ရန်ကို တွန်းထုတ်ကာ "ကျွန်မ အိမ်ကနေ ထွက်လာတာ အရမ်းကြာနေပြီ။ မိဘတွေ စိတ်ပူနေမှာစိုးလို့ ပြန်တော့မယ်နော်" ဟုပြောပြီး ပြန်ရန်ပြင်လိုက်သည်။
ထိုအခါ စုန့်ရန်က ဆုယောင်၏ လက်ကို ဆွဲလိုက်ကာ ဆုယောင်၏ လက်ထဲမှ ဝိုင်နှင့် သာကူထုပ်ကို တွေ့ပြီး "ကိုယ်အိမ်ပြောင်းနေတာနဲ့ တစ်နေကုန် ဘာမှ မစားရသေးဘူး" ဟူ၍ သနားစရာကောင်းသော မျက်နှာဖြင့် ပြောလာတော့သည်။
စုန့်ရန်၏ အမူအရာက သနားစရာ အလွန်ကောင်းနေသဖြင့် လွယ်လွယ် စိတ်မပျော့တတ်သော ဆုယောင်ပင် အလျော့ပေးလိုက်ရကာ "အိမ်မှာ ဘာတွေ ရှိလဲ" ဟု မေးလိုက်သည်။
"ဟင်းချက်ဖို့ ပစ္စည်းကိရိယာတွေတော့ အကုန်ရှိပေမယ့် ဟင်းချက်ဖို့ ပစ္စည်းမရှိဘူး"
ဆုယောင်က အသုံးမပြုရသေးသော မီးဖိုခန်းကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ တစ်ခါမှ အသုံးမပြုရသေးသော အိုး၊ ခွက်၊ ပန်းကန်များနှင့် မီးဖိုဘေးတွင် ဘူးအကြည်များဖြင့် သပ်သပ်ရပ်ရပ် ထည့်ထားသော ဟင်းခတ်ပစ္စည်းများကို တွေ့လိုက်ရသည်။
"စုန့်ရန် ရှင်ဟင်းချက်တာလည်း မဟုတ်ဘဲ ဘာလို့ ဟင်းခတ်တွေကို ဒီလိုထားထားတာလဲ"
"အိမ်တစ်အိမ်ရဲ့ မီးဖိုခန်းက ဒီလိုပဲ ရှိသင့်တယ်မလား ယောင်ယောင်ရဲ့"
သိပ်မကြာခင်တွင် ဆုယောင်က စုန့်ရန်၏ အကြံအစည်ကို ရိပ်မိသွားခဲ့သည်။
"ရှင် ကိုယ်ပိုင် စားဖိုမှူးခေါ်ပြီး နေ့တိုင်း ချက်ခိုင်းဖို့ စဉ်းစားနေတာလား စုန့်ရန်"
ဆုယောင်က ထိုသို့ပြောပြီး မီးဖိုပေါ်သို့ ရေဆူအိုးတည်လိုက်သောအခါ စုန့်ရန်က အနောက်မှ ဆုယောင်၏ ခါးကိုဖက်ပြီး "ကိုယ့်ရဲ့ ယောင်ယောင်က ကြင်နာတတ်တယ်။ ဟင်းချက်လည်း ကောင်းတယ်။ ကိုယ်သာ ယောင်ယောင်နဲ့ လွဲသွားမယ်ဆို နောင်တရမိမှာပဲ။ အဲ့ဒါကြောင့် ကိုယ့်ရင်ခွင်ထဲမှာ သိမ်းထားရမယ်" ဟုပြောကာ ကပ်ချွဲလိုက်သည်။