Chapter117
Yamin AungOctober 01, 2023
အပိုင်း (၁၁၇)ဆုယောင်က မနက်စောစော အိပ်ယာထပြီးနောက်ပထမဆုံး လုပ်သည့် အလုပ်က စုန့်ရန်ကို ဂွတ်နိုက်ဟု စာပို့လိုက်သည့် အလုပ်ဖြစ်သည်။
ထို့နောက် ဆုယောင်က အားကစားဝတ်စုံကို လဲဝတ်ပြီး တည်းခိုဆောင်တွင် ရှိနေသော ပြေးစက်ပေါ်တွင် တက်ပြေးလိုက်သည်။
"ဟယ် ဆုယောင် အစောကြီး နိုးနေတာလား။ နင်မနေ့က အလုပ်လုပ်ထားတာ မပင်ပန်းဘူးလား"
ခဏအကြာတွင် ရှားလုဝမ်က နိုးလာပြီး ဆုယောင်ကို ကြည့်၍ အံ့ဩနေခဲ့သည်။
ရှားလုဝမ်က မနေ့ညက ဧည့်သည်များ စားသွားသည့် ပန်းကန်များကို တစ်ယောက်တည်းဆေးပြီး ယနေ့မနက်တွင် မတ်တတ်ပင် ကောင်းကောင်း မရပ်နိုင်တော့သဖြင့် တစ်ယောက်တည်း မတ်တတ်ရပ်၍ ချက်ပြုတ်နေရသော ဆုယောင်က ပို၍ ပင်ပန်းမည်ကို သိနေခဲ့သည်။
"အဆင်ပြေပါတယ်။ မနေ့ညက အားလုံး တက်ညီလက်ညီ ဝိုင်းကူညီကြလို့ သိပ်မပင်ပန်းပါဘူး"
ဆုယောင်က အနောက်ဘက် မီးဖိုခန်းကို ဦးစီးနိုင်ရန်အတွက် ခန္ဓာကိုယ် ကြံ့ခိုင်မှ ဖြစ်မည်ဟု တွေးကာ လေ့ကျင့်ခန်း လုပ်နေခဲ့သည်။
ထို့နောက် ရှားလုဝမ်က နွားနို့ နှစ်ခွက်ကို အပူပေးပြီး တစ်ခွက်ကို သူမကိုယ်တိုင် သောက်ကာ နောက်တစ်ခွက်ကို ဆုယောင်ထံသို့ ယူလာ၍ "နွားနို့ သောက်ဦးမလား ဆုယောင်" ဟု မေးလိုက်သည်။
"ကျေးဇူး"
ဆုယောင်က အပြေးစက်ကို ရပ်ပြီး ရှားလုဝမ်၏ လက်ထဲမှ နွားနို့ခွက်ကို ယူလိုက်သည်။
ထိုအခါ ရှားလုဝမ်က ဆုယောင်ထံ နို့လက်ဖက်ရည် ဖျော်သည့် နေရာ၌ သူမ တာဝန်ယူချင်သည်ဟု ပြောလာခဲ့သည်။