Chapter 101
Yamin AungSeptember 21, 2023
အပိုင်း (၁၀၁)နှင်းဆီပန်းများကိစ္စကြောင့် ဆုယောင်က အပြစ်မကင်း ဖြစ်ပြီး စုန့်ရန်၏ စာများကို ပုံမှန်ထက်ပို၍ မြန်မြန် ပြန်စာပြန်ပို့ခဲ့သည်။
စုန့်ရန်က နောက်ပိုင်းတွင် ဆုယောင်ထံ အသံဖိုင်များသာ ပို့တော့သဖြင့် ဆုယောင်က အခြားသူများ မကြားအောင် နားကြပ်တပ်ပြီး နားထောင်ရာ စုန့်ရန်၏ မောဟိုက်နေသော အသံကိုပါ ကြားရပြီး ကြက်သီးများပင် ထသွားတော့သည်။
ရှောင်ချီ၏ လက်တွဲခေါ်မှုနှင့် ဒါရိုက်တာရှု၏ ညွှန်ကြားမှုကြောင့် ဆုယောင်က သူမ၏ ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင် လာနိုင်ခဲ့သည်။
"အကြမ်းဖျင်း တွက်ရရင် ငါတို့ ရိုက်ကူးရေးကို လဝက်လောက် စောပြီး ပြီးမယ်ထင်တယ်။ ဆုယောင်က အရမ်းတော်တယ်"
ရှုမော့က ဝက်နံရိုးစွပ်ပြုတ်ကို ပျော်ရွှင်စွာ သောက်နေရင်း ကင်မရာမှ ရိုက်ကူးချက်များကို ကြည့်ကာ ပျော်ရွှင်နေခဲ့သည်။
ဆုယောင်၏ သရုပ်ဆောင် စွမ်းရည်က သိပ်မကောင်းသော်လည်း မူလဇာတ်ရုပ်နှင့် အလွန်နီးစပ်သည်။
ထို့အပြင် ဆုယောင်က ရိုက်ကူးရေး တစ်လျှောက်လုံး မကျေနပ်ချက် တစ်ခွန်းမှ မပြောခဲ့ပေ။
ရှောင်ချီ၏ စိတ်နှစ်ထားသော သရုပ်ဆောင်မှုနှင့် ဆုယောင်၏ အတွဲညီညီ သရုပ်ဆောင်မှုတို့ကြောင့် အခြားသရုပ်ဆောင်များကပါ ကြိုးစားပမ်းစား သရုပ်ဆောင်နေကြသဖြင့် ဒါရိုက်တာရှုက အလွန်ကျေနပ် အားရနေခဲ့သည်။
"ဒါရိုက်တာရှု"
ဆုယောင်က မိတ်ကပ်လိမ်းခြယ်ပြီးနောက် ရှုမော့ဆီသို့ တိုက်ရိုက်ပြေးလာကာ "နောက်အပတ်ကျရင် ဆောင်းလယ်ပွဲတော်ရှိလို့ ကျွန်မ နှစ်ရက်လောက် ခွင့်ယူလို့ရမလား" ဟု ခွင့်တောင်းလိုက်သည်။