အပိုင်း ၄ - ဝက်အူချောင်း မြေအိုးထမင်း
ဆုယောင်သည် ညစာအား ဖွယ်ဖွယ်ရာရာချက်ပြုတ်မည်ဟု စဉ်းစားထားသော အတွေးသည် သူမ ချက်ပြုတ်နေသည်ကို ဆိုဖာကြီးချကာ မလွတ်တမ်း လိုက်ကြည့်နေသည့် စုန့်ယန်ကြောင့် ပျက်ပြားသွားလေတော့သည်။ ဆုယောင် အေးအေးလူလူ မလုပ်နိုင်တော့ပေ။ စုန့်ယန်က အတော်ပင် အလျင်လိုနေပုံပေါက်သည်မို့ သူမ လှမ်းကာ ပြောလိုက်သည်။
"မြေအိုးထမင်းက တအားကြီး မမြန်ဘူး။ မကြာဘူးဆိုရင်တောင် ဆယ်မိနစ် ကျော်လောက်ကတော့ ကြာမှာ"
"ဟင့်..."
ဆုယောင်၏ စကားကြောင့် စုန့်ယန်က စားပွဲပေါ်တွင် တင်ပေးထားသော သစ်သီးပွဲကို နှိုက်ကာ စားရင်း အဆာဖြေနေလေသည်။ အလုပ်ရှင်က ပူပန်ကြောင့်ကြနေတော့လည်း အလုပ်သမားက ဖင်မငြိမ်နိုင်တော့ပေ။ ပို၍ပင် အားစိုက်ကာ ခပ်မြန်မြန် ပြင်ဆင်ရတော့သည်။
ဆုယောင်သည် မြေအိုးခွက်လေးထဲသို့ ဖြူကော့နေသော ဆန်အား အရင်ထည့်လိုက်လေပြီး ရေအနည်းငယ်မျှ ထပ်ကာထည့်လိုက်သည်။ ထို့နောက်တွင်မူ လှီးချွတ်ထားသော အသီးအရွက်များကို တစ်ကန့် အစီအရီ ထည့်လိုက်ပြီး အဆီနှင့်အသား မျှလှသော ဝက်အူချောင်းများကို မထူမပါးလှီးကာ တစ်ကန့် စီထည့်လိုက်သည်။ ထို့နောက်တွင်မူ မြေအိုးပတ်လည်တွင် ဆီအနည်းငယ် လိုက်ထည့်လိုက်ပြီး မီးဖိုပေါ်သို့ တင်လိုက်တော့၏။
"လူကြီးမင်း စုန့် ... မြေအိုးထမင်းကို ဒီအတိုင်းကြွပ်ကြွပ်လေးပဲ စားချင်လား။ ချိုးကပ်တဲ့ အနေအထားမျိုး စားချင်လား ရှင့်"
ဆုယောင်အနေနှင့်မူ ထမင်းချိုး စားရသည်ကို အလွန်ပင် နှစ်ခြိုက်လေသည်။ ဤသည်ကလည်း သူမ၏ အဖွားကြောင့်ပင်။ အဖိုးကလည်း သူ့ခေတ်သူ့အခါနှင့် ကျော်ကြားသူ ဖြစ်ပြီး နေ့မနား၊ ညမနားပင် အလုပ်များကာ အဖေနှင့်အမေတို့ကလည်း အလုပ်ကိုယ်စီနှင့်မို့ ဆုယောင်အား အချိန်မပေးနိုင်ကြပေ။ ထို့ကြောင့် အိမ်တွင် အမြဲရှိသော အဖွားနှင့်သာ ဆုယောင်၏ ငယ်ဘဝများကို ကုန်ဆုံးရပြီး အဖွား၏ ထမင်းချိုးတူးများကို လိုက်ကာ စားရင်းမှပင် ထမင်းချိုးများအား နှစ်ခြိုက်သွားခြင်း ဖြစ်သည်။ သူမ ငယ်စဉ်က သူမ၏ အဖွားထမင်းဆယ်ကြိမ်ချက်လျှင် ကိုးကြိမ်က တူးသည် ဖြစ်ပြီး တစ်ကြိမ်ကမူ ရေများသောကြောင့် ပွသွားသည်ပင်။ သူမ၏ အဖွားသည် ထမင်းတူးသည့်အခါတိုင်းတွင်လည်း မီးကိုပင် အပြစ်တင်တတ်၏။