Chapter 68
Yamin AungAugust 21, 2023
အပိုင်း (၆၈) ငါးပန်းပွင့် ချိုချဉ်ကြော်ငါးပန်းပွင့် ချိုချဉ်ကြော် ဟင်းလျာကို ဆုယောင်က အခေါက်ပေါင်းများစွာ လေ့ကျင့် ချက်ပြုတ်ခဲ့ဖူးသည်။
ထို့အတူ ထိုဟင်းပွဲကို လေ့ကျင့်ချက်ပြုတ်ခဲ့ရခြင်းက ဆုယောင်အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့သည်။
ငါးကိုသတ်သည့်အလုပ်၊ ငါးအသားလွှာသည့်အလုပ်နှင့် ဓားသွေးရခြင်းအလုပ်ကို တစ်နေ့လုံး လုပ်ဖူးကြ၏လော။
ဆုယောင်က ထိုအလုပ်မျိုးကို အမြဲတစေ လုပ်ခဲ့ရဖူးပြီး ထိုသို့စေခိုင်းခဲ့သူမှာ သူမ၏ အဖေဖြစ်သည်။
သူမကို မီးဖိုခန်းထဲတွင် ဆရာတစ်ဆူဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့သူမှာလည်း သူမ၏ အဖေပင် ဖြစ်သည်။
နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော ကျွမ်းကျင်မှုက အနောက်ဘက် မီးဖိုခန်းထဲတွင်သာ ဖုံးကွယ်နေခဲ့သည်။
သို့သော် ယခုကဲ့သို့ အစီအစဉ်တစ်ခုတွင် သူမ၏ စွမ်းရည်ကို ထုတ်ဖော်ပြသရလိမ့်မည်ဟု ဆုယောင်က မထင်ထားခဲ့ပေ။
"မိန်းကလေးဆု နည်းနည်းလောက် နေရာဖယ်ပေးပါဦး"
ဆုယောင်၏ ပီဒီက ကင်မရာဖြင့် အနီးကပ် ရိုက်ကူးနိုင်ရန် ပြောဆိုလိုက်သည်။
ဆုယောင်က အနည်းငယ် ဖယ်ပေးလိုက်ပြီး ရိုက်ကူးစေခဲ့သည်။
"ဆုယောင် နင့်ရဲ့ ဓားကိုင်စွမ်းရည်က အရမ်းမိုက်တာပဲ"
လင်းရန်ချီက ထိုသို့ ချီးကျူးလိုက်ကာ "ဒါနဲ့ ငါးပန်းပွင့်ချိုချဉ်ကြော် ချက်မှ ခေါင်းဆောင် မရှိတာ နှမြောစရာကောင်းလိုက်တာ" ဟု ထပြောလိုက်သည်။
ထိုအခါ ဆုယောင်က စုန့်ရန်ကို ရုတ်တရက် စဉ်းစားမိသွားကာ နှုတ်ခမ်းထောင့်မှ အနည်းငယ် ကွေးတက်သွားသည်။
ဆီကို အိုးထဲသို့ ထည့်ပြီး အပူပေးလိုက်ကာ ငါးနှစ်ကောင်ကို ဂျုံမှုန့်ဖြင့် ကပ်လိုက်သည်။
ထို့နောက် ဆုယောင်က ဂျုံမှုန့်များကို ခါချလိုက်သောအခါ ပိုနေသော ဂျုံမှုန့်များက နှင်းများကျသကဲ့သို့ အောက်သို့ကျဆင်းသွားတော့သည်။