Chapter 46
Yamin AungJuly 23, 2023
အပိုင်း (၄၆) ဝက်သားပြားကြော်မာ့ခ်၏ အသံက ကျယ်လောင်လွန်းလှသဖြင့် အနီးအနားရှိ လူများ အားလုံးက မကြားချင်ယောင်ဆောင်လိုက်ရန် ခက်ခဲလှသည်။
စုန့်ရန်က တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး နှုတ်ခမ်းထောင့်မှ ကွေးတက်သွားသည်ကို မထိန်းချုပ်နိုင်ခဲ့ပေ။
ချောင်မန်လင်းကမူ မကြားချင်ယောင်ဆောင်နေလိုက်သည်။
ဆုယောင်က သူမ၏ သေးသွယ်သော လက်များ၊ ခြေထောက်များကို ငုံ့ကြည့်လိုက်ပြီး ရင်ကို မတ်လိုက်ကာ "ကျွန်မက ဒီနှစ်ဆို (၂၁) နှစ် ပြည့်တော့မှာ။ ကျွန်မက ရှင်ပြောသလို မိန်းကလေး ငယ်ငယ်လေး မဟုတ်....."
မာ့ခ်က ဆုယောင်၏ စကားများကို ဆက်၍ နားထောင်ပေးရန် စိတ်မရှည်တော့သဖြင့် သူ၏ အမေကို တစ်ချက်၊ ဆုယောင်ကို တစ်ချက် လှည့်ကြည့်
လိုက်ကာ "ဂျိုးရေ၊ ငါတို့ စားသောက်ဆိုင်ဖွင့်ဖို့ နောက်ကျနေပြီ" ဟု အော်ပြောလိုက်သည်။
ဆုယောင်က စကားဖြတ်ပြောခံလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားခဲ့သည်။
"ဘာဖြစ်လို့လဲ"
ဂျိုးက ဇဝေဇဝါ ဖြစ်နေသည့် ပုံစံဖြင့် အိမ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။
စင်သီယာက ခွင့်ပြုပေးထားသဖြင့် ကင်မရာ အများအပြားက အနီးအနားတွင် ရိုက်ကူးနေသောကြောင့် မာ့ခ်က ဂျိုးကို တီးတိုး ပြောဆိုလိုက်သည်။
ထိုအခါ ဂျိုးက သူ၏ လက်မောင်းတစ်လုံးလောက်ပင် မရှိသော ပိန်ပိန်ပါးပါး ဆုယောင်ကို စိတ်ပျက်သွားသည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
ထို့နောက် စင်သီယာကို ကြည့်လိုက်ကာ ဂျိုးက ဖက်လိုက်ပြီး "ကလေးတွေက အမေ့ကို လွမ်းနေတာဆိုတော့ ဒီမှာ တစ်ရက် ထားခဲ့မယ်နော်။ ကျွန်တော်နဲ့ မာ့ခ်က စားသောက်ဆိုင်ကို ပြန်သွားလိုက်ဦးမယ်" ဟု ပြောကာ နှုတ်ဆက်လိုက်သည်။
"ဂျိုး..."
စင်သီယာက နှုတ်ဆက်စကား ပြောရန် တွန့်ဆုတ်နေသဖြင့် ဂျိုးက သူမ၏ ပုခုံးကို ပုတ်လိုက်ကာ "ကိစ္စ မရှိဘူး အမေ။ သားတို့ဘာသာ သားတို့ ဆုံးဖြတ်ချက်ချနိုင်တယ်" ဟု ပြောလိုက်သည်။