Chapter - 8
''အရသာ နှစ်မျိုးဖြင့် အမဲသားခြောက်''
နေ့ခင်း သုံးနာရီ၌ ကားလေးသည် အသံသွင်းရာနေရာဆီသို့ ရောက်ရှိလာခဲ့သည်။
ရက်ပေါင်းများစွာ လုံးလည်ချာလည်လိုက်ပြီးနောက် ဆုယောင်သည် ကောင်းမွန်စွာ အနားမယူရသေးသည်ကြောင့် ကားပေါ်သို့ ရောက်ရောက်ချင်း၌ပင် အိပ်မောကျသွားခဲ့၏။
ဆုယောင် နိုးလာချိန်၌ အိပ်ချင်မူးတူးဖြင့် ကားပေါ်မှ ဆင်းလိုက်ချိန်မှာ ဘူး နှစ်ဘူး ကိုင်လျက်ရှိသော ရန်ယိဖန်းအား သူမ၏ရှေ့၌ တွေ့လိုက်ရသည်။ ရန်ယိဖန်းသည် တောက်ပနေသော မျက်လုံးများဖြင့် ဆုယောင်ကို မေးလိုက်၏။
''မင်းအိမ်မှာ အမဲသားခြောက်တွေ ဘယ်နှစ်ဘူးလောက် ရှိလဲ''
''ငါ့ကို နှစ်ဘူးလောက် ထပ်ယူလာပေးပါလား''
''ခဏလေး...ခဏလေး...ငါ စဥ်းစားဦးမယ်''
ရန်ယိဖန်းသည် သူ၏ နှုတ်ခမ်းကို လျှာဖြင့် တစ်ချက် သပ်လိုက်ကာ ရိုးရှင်းစွာ ပြောလိုက်သည်။
''ငါ့ကို အမဲသားခြောက် အလေးချိန် ကတ်တီ ငါးဆယ်လောက် ထည့်ပေးလို့ရလား...အထူးဝယ်ယူမှုတစ်ခုလို့ သဘောထားလိုက်လေ''
''ဒါမှမဟုတ်လည်း အမဲသားခြောက် တချို့တဝက်ကို လက်ဆောင်ပေးလိုက်ပေါ့။ ပြောရရင် အရေးကြီး ဌာနတွေက ဌာနမှူးတွေက လွဲလို့ ကျန်တဲ့ လူတွေက စားကြမှာ မဟုတ်ဘူး''
ဤသို့ဖြင့် ဘယ်သူမှ မစားကြသော အမဲသားခြောက် အကျန်များသည် သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြပေလိမ့်မည်။
ရန်ယိဖန်းသည် ထိုအမဲသားခြောက်ကို စားလေလေ ပို၍ ပို၍ ကြိုက်လာလေလေပင်။
အစပ်အရသာကိုလည်း အပြည့်အဝ ခံစားရကာ နှုတ်ခမ်းနှင့် သွားများထက်တွင်လည်း အမဲသားခြောက် ကုန်သွားသည့်တိုင် အနံ့အရသာ ရှိနေဆဲ ဖြစ်ပြီး အစပ်ဓာတ်ရှိသည့် ဇီယာစေ့၏ အရသာသည် အလွန် ဆွဲဆောင်မှုရှိကာ အစပ်ခေါက်ဆွဲ၊နှမ်းနှင့် အမဲသားတို့ကို အတူတကွ ထုပ်ထားသောကြောင့် အစပ်အစားအစာ ဖြစ်သော်ငြား ထိုအစပ်အရသာအား စားလေလေ၊ ရပ်တန့်၍ မရနိုင်လေလေ ဖြစ်တော့သည်။
မည်သည့်အရသာ ဖြစ်စေကာမူ ရန်ယိဖန်းသည် ဤအမဲသားခြောက်အား အလွန်ကြိုက်နှစ်သက်၏။
ဆုယောင်: ''ဒါက...''
ပြောဖို့လည်း ခက်၊ စိတ်ကူးယဥ်ရန်လည်း ခက်လှပေသည်။
အမဲသားခြောက် မပို့ခင်က သူမကို မကြိုက်သော အေးဂျင့်သည် မည်သည့်နေရာသို့ ရောက်သွားပါသနည်း။
ဆုယောင်သည် တွေဝေခြင်း အလျဥ်းမရှိပဲ ငြင်းပယ်လိုက်သဖြင့် တစ်ဖက်လူအား စိတ်ဓာတ်ကျသွားခဲ့၏။
ခါးကို အကြောဆန့်နေရင်း ရန်ယိဖန်းသည် ဆုယောင်ကို ဖြတ်ခနဲ ကြည့်မိလိုက်ကာ မတတ်နိုင်ပဲ တိတ်တိတ်လေး စဥ်းစားမိသည်။ ဆုယောင်သည် သူ၏ ဟင်းချက်ပညာရှင် ဖြစ်ကာ အနာဂတ်၌ ဆုယောင် အဆင်ပြေစေရန်အတွက် အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်၏။ သို့သော်ငြား ထိုအချိန်၌ သူ့အတွက် အစားအသောက် ဝေစု ရနိုင်ချေ နည်းသွားပေလိမ့်မည်။
ရန်ယိဖန်းသည် သေတ္တာကို သယ်ရန် ခါးကုန်းလိုက်ချိန်၌ နာကျင်မှုကို မခံစားရ၊ ခြေထောက်များသည်လည်း နာခြင်း မရှိပဲ သူ၏ လက်မောင်းကြွက်သားများမှာ ပို၍ တောင့်တင်းလာသည်ဟု ခံစားရသည်။
စက္ကူဘူးအကြီးကြီးကို သယ်ကာ စင်နောက်သို့ ဝင်သွားကြသည့် ရန်ယိဖန်းနှင့် ဆုယောင်တို့အပေါ်သို့ လူများ၏ အာရုံများ ကျရောက်သွားကြ၏။
ရိုက်ကွင်း ဝန်ထမ်းများသည် နောက်ဆုံးတစ်ခေါက် ရိုက်ကူးရေး၌ ဆုယောင် ဖန်တီးခဲ့သော မွှေးရနံ့များကို သတိရသွားကာ နောက်ပြောင်ကြတော့သည်။
''ညီမလေး ဆုယောင်၊ ဒီတစ်ခါရော ဘာယူလာတုန်းကွ။ မီးဖိုချောင် တစ်ခုလုံးကို မ လာပြီး ပြိုင်ဘက်တွေနဲ့ လာပြိုင်တာတော့ မဟုတ်ဘူး မလား''
''အဲ့ဒါတောင် မလုံလောက်သေးပါဘူး'' ဆုယောင်သည် သူမအား ပြောသော ဝန်ထမ်းကို ပြုံးပြလိုက်၏။
''ကျွန်မ ကိုယ်တိုင် လုပ်ထားတဲ့ သရေစာမုန့်လေးတွေ ယူလာခဲ့တယ်''
''သရေစာမုန့်လား''
''ကိုယ်တိုင် လုပ်လာတာလား''
ရိုက်ကွင်း ဝန်ထမ်းများစွာတို့သည် ကိုယ်စီ သိလိုစိတ်အပြည့်ဖြင့် နားစွင့်ထားကြပြီး မျက်လုံး၌လည်း မျှော်လင့်ချက်များ တလက်လက် ဖြစ်လျက်ပင်။
အချို့စကားလုံးများသည် အနုပညာရှင်မှ ကိုယ်တိုင်ပြောရန် အဆင်မပြေလှပေ။
ထို့ကြောင့် ဆုယောင်အစား ရင်ယိဖန်းက ပြောပေးလိုက်သည်။
''နောက်ဆုံးတစ်ခေါက် ရိုက်ကူးရေး လာလုပ်တုန်းက ဝန်ထမ်းတွေက ကောင်းကောင်း ဂရုစိုက်ပေးကြတယ်လို့ ဆုယောင်က ပြောပါတယ်ဗျ။ ဒါကြောင့် ဒီတစ်ခေါက်ကို လက်ဗလာနဲ့ လာရမှာ ရှက်လို့ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဆုယောင်က လူတိုင်းအတွက် အိမ်ချက် သရေစာလေးတွေ လုပ်လာပေးတာပါ။ အကုန်လုံး မျှဝေစားကြပါဗျ။ မကြိုက်ဘူးလို့တော့ မပြောရဘူးနော်''
''မကြိုက်စရာ ရှိမလားဗျ''
''ကျွန်တော်တို့တွေ အကုန် ဆုယောင်ရဲ့လက်ရာ ဘယ်လို ရှိတယ်ဆိုတာ သိကြပါတယ်ဗျ''
ပစ္စည်းများ ဝယ်ပို့ပေးခြင်းသည် မဆန်းလှသော်ငြား ဆုယောင်ကမူ ကိုယ်တိုင်ပင် လုပ်လာသေး၏။
ကောင်းလေစွ။
ရိုက်ကူးရေး ဝန်ထမ်းများသည် တပြုံးပြုံး ဖြစ်သွားကြပြီး လုပ်ကိုင်နေသည်များကို ခဏရပ်ကာ သေတ္တာပုံးများကို အလုအယက် လာသယ်ပေးကြသည်သာမက သတင်းကြားသော အချို့လူများသည်ပင် ဆုယောင် ရှိရာသိို့ ရောက်လာကြသည်။
ဤသို့ဖြင့် လူအုပ်ကြီးသည် တစ်စ၊ တစ်စ စုဝေးသွားကာ အပြိုင်အဆိုင် သယ်ပေးကြတော့၏။
ရင်ယိဖန်းသည် မည်သူမှ ကူသယ် မပေးလောက်ဟုထင်ကာ အပြင်ရှိလူများကို လာသယ်ပေးရန် ပြောထားခဲ့ခြင်း ဖြစ်ပြီး ယခုမူ သူ၏ အနားမှ လူအုပ်ကြီး၏ အားတက်သရော ဖြစ်နေပုံကို တွေ့ရသောအခါ ကြောင်တိကြောင်တောင်ဖြင့် ဆုယောင်၏ လက်မောင်းအား အသာပုတ်လိုက်သည်။
''ဒီလူတွေ ဘာဖြစ်နေကြတာလဲ။ ဒါက နောက်ဆုံး ထုတ်လွှင့်မှု မဟုတ်ပါဘူးနော်။ မင်းက တော်တော့ကို ခက်ခက်ခဲခဲတွေ လုပ်လာတာပဲ''
''ဟုတ်မှာပေါ့၊ ရှင်ရော စားဦးမလား''
ဆုယောင်သည် ရှက်ရွံ့စွာဖြင့် သူမ၏ နှာခေါင်းကို အသာပွတ်လိုက်ကာ ကောင်းကင်က်ု မော့ကြည့်လိုက်၏။
ဆုယောင်သည် အမဲသားခြောက်များကို သေတ္တာနှစ်ဘူး အပြည့် လုပ်လာသည်ဖြစ်ရာ ရန်ယီဖန်းတစ်ယောက်စာ အမဲသား ခြောက်ဘူး နှစ်ဘူးကို ခွဲဝေပေးရန်မှာ အပန်းမကြီးလှပါချေ။ သေချာစွာ ထုတ်ပိုးထားသော အမဲသားခြောက်များကိုမူ အကဲဖြတ်လူကြီးနှင့် ဒါရိုက်တာတို့ထံ ပို့ထားပြီးဖြစ်သည်။
ကျန်သည့် ဘူးလေးများမှာမူ ပို့ဆောင်ရေး ဝန်ထမ်းများအတွက် ဖြစ်၏။
ဘူးအသေး တစ်ဘူး၌ပင် အမဲသားခြောက်ငါးခုပါဝင်ပြီး တစ်ခုလျှင် ၀.၅ ကတ်တီထက်ဝက် အလေးချိန်ရှိရာ အတုံးသေးသည်ဟူ၍ ပြော မရပေ။
ခဏချင်း အတွင်း၌ပင် လူအုပ်ကြီးသည် ၎င်းတို့၏ ဝေစု အသီးသီးအား ရရှိသွားပြီ ဖြစ်သည်။
ဘူးသေးသေးလေးများကို မျှဝေပြီးသည့်နောက်၌ ဆုယောင်သည် အမဲသားခြောက် အထုတ်များကိုသယ်ကာ အခြား ဒိုင်လူကြီးများ၏ အဝတ်လဲခန်းများကို သွားပို့ခဲ့၏။
အမျိုးသား ဒိုင်လူကြီးနှစ်ဦးသည် စတိတ်စင်ပေါ်ရှိ အမူအရာများနှင့် မတူပဲ သာမန်ကာလျှံကာနှုတ်ဆက်ပြီးသည့်နောက် ဆုယောင်တို့အား လျစ်လျူရှုလိုက်သည်။ ဆုယောင်သည်လည်း ထိုအချင်းအရာကို ဂရုမစိုက်သည် ဖြစ်ရာ နေရာမှ လှည့်ထွက်လာခဲ့ပြီး ဝမ်ယန်၏ အခန်းဆီသို့ ဦးတည်သွားကာ တံခါးခေါက်လိုက်၏။
''ဝင်ခဲ့ပါ''
''အစ်မ ဝမ်ရေ၊ မင်္ဂလာ နေ့လည်ခင်းပါရှင်''
ဆုယောင်သည် တံခါးပေါက်မှနေ၍ သူမ၏ ခေါင်းလေကို ပြူတစ်၊ ပြူတစ် လုပ်လိုက်သည်။ အခန်းထဲ၌ ဆိုဖာပေါ်၌ ပျင်းရိစွာ ထိုင်နေသူအား တွေ့မြင်လိုက်ရပြီး ထိုလူမှာ စုန့်ရန် မဟုတ်လျှင် မည်သူရှိနိုင်ပါမည်နည်း။
''ဟယ်၊ ဆုယောင် မဟုတ်လား။ လာလေ..ဝင်ခဲ့ ဝင်ခဲ့'' ဝမ်ယန်သည် ဆုယောင်အား မှန်ထဲမှနေ၍ တွေ့မြင်သွားကာ အံ့သြစွာဖြင့် ပြောလိုက်သည်။
''အခုလေးတင်ပဲ ဆုယောင်နဲ့ ချောင်ချောင်တို့ ဘယ်ချိန်ရောက်လာမလဲဆိုပြီး တွေးနေတာ။ တကယ် တိုက်ဆိုင်တာပဲ။ မိတ်ကပ်လာလိမ်းတာမလား''
''မဟုတ်ပါဘူး။ မုန့်တစ်ချို့ ယူလာပေးတာရယ်''
ဆုယောင်သည် တံခါးဖွင့်ကာ ဝင်ခဲ့လိုက်ပြီး ဆိုဖာပေါ်၌ ထိုင်နေသော စုန့်ရန်ကို တွေ့လိုက်ရသောအခါ သူမ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
အခန်းထဲရှိ ယောကျ်ားသည် ခန့်ညားလှပြီး မိန်းကလေးမှာ လှပ၏။
သူတို့အပြင် အခန်းထဲ၌ အခြားလူများ မရှိပေ။
ဆုယောင်သည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီးနောက် ရိုးသားစွာဖြင့် ပြောလိုက်သည်။ '''အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်ရှင်''
စုန့်ရန် : ''....''
ဝမ်ယန် : ''....''
အခန်းထဲရှိ လူနှစ်ဦးသည် ခပ်တောင့်တောင့် ဖြစ်သွားကြ၏။
ထို့နောက် ချက်ချင်းပင် ဝမ်ယန်သည် ရုတ်တရက် အော်ပြောလိုက်သည်။ ''အဲ့နေရာမှာ ရပ်''
မဖြစ်ပေ။ သူမသည် ခြေလှမ်းများကို ရပ်၍ မဖြစ်။
ဆုယောင်သည် အရာအားလုံး သိနေသော မီးသီးတစ်လုံး မဖြစ်ချင်ပါ။
ဆုယောင်၏ ခြေလှမ်းများသည် အလွန် လျင်မြန်နေပြီး အခန်းထဲရှိ လူနှစ်ဦးအား တစ်ချက်မျှပင် မကြည့်ပဲ ခပ်သွက်သွက် လျှောက်လေ၏။
''မင်းရဲ့ခေါင်းသေးသေးလေးက ဘာတွေ စဥ်းစားနေတာလဲ'' ဝမ်ယန်သည် ဒေါက်ဖိနပ်ဝတ်ထားသော ခြေလှမ်းများဖြင့် တဂွက်ဂွက် မြည်အောင် လျှောက်လာခဲ့ပြီး ဆုယောင်၏ လက်ဖဝါးများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားကာ စိတ်မသက်မသာဖြစ်စွာ ပြောလိုက်သည်။ ''တကယ်တော့ မစ္စတာ စုန့်နဲ့ အစ်မက ပြိုင်ပွဲ အစီအစဥ်ကို ဘယ်လိုလုပ်ကြမလဲ ဆွေးနွေးနေကြတာရယ်။ ပြီးတော့ ညီမလေး ရောက်လာတာပဲ''
''တကယ်လို့သာ အပြင်လူတစ်ယောက်ယောက် သိသွားရင် အစ်မနဲ့ မစ္စတာ စုန့်ကြား တစ်ခုခု ရှိနေတယ်ဆိုပြီး ထင်ကြတော့မှာ။ တကယ်လို့သာ ဒီလိုဖြစ်ရပ်မျိုးက လွန်ခဲ့တဲ့ ဆယ်နှစ်ကသာ ဖြစ်မယ်ဆို အစ်မ သေချာပေါက် ပျော်ခဲ့မှာပဲ''
''ဆုယောင်၊ ဒီအစ်မကို နာကျင်အောင် လုပ်မှာတော့ မဟုတ်ဘူး မလား''
ဝမ်ယန်သည် ခြေတစ်လှမ်းလှမ်းတိုင်း စကားလုံးများစွာ ပြောလာ၏။ သူမသည် သူမ၏ မျက်လုံးထောင့်စွန်းရှိ မျက်ရည်များကို အသာသုတ်လိုက်ကာ ထိုအချင်းအရာကို မြင်လိုက်ရသော ဆုယောင်အဖို့ မိန်းကလေးအချင်းချင်း ကိုယ်ချင်းစာမိသွားသည်။
ဆုယောင်သည် ဝမ်ယန်၏ စကားလုံးများ၏ အနက်အဓိပ္ပါယ်ကို စိတ်ထဲ၌ သေချာစွာ ခွဲခြမ်းစိတ်ဖြာပြီးသည့်နောက် သဘောပေါက်သွားသည့် ချက်ချင်း၌ပင် ချွေးသီးချွေးပေါက်များ ကျလာတော့၏။
ဝမ်ယန်သည် သူမနှင့် အတူတူပင်ဖြစ်ကာ မိသားစုလည်းရှိ၍ ကလေးလေးများမှာလည်း မူလတန်းကျောင်းသို့ တက်ရောက်နေဆဲပင် ဖြစ်သည်။ ဆုယောင်သည် အကြည့်တစ်ချက်တည်းဖြင့် အမြင်မှားကာ ဆုံးဖြတ်လိုက်မိပြီ ဖြစ်သည်။
လတ်တလော၌ သူမသည် အမွှေးအကြိုင်ရနံ့များ အရှူလွန်ပြီး ဦးနှောက် အလုပ်မလုပ်တော့ခြင်း ဖြစ်ပေလိမ့်မည်။
''တောင်းပန်ပါတယ် ရှင်၊ တောင်းပန်ပါတယ်။ ညီမလေးရဲ့ အပြစ်ပါ'' ဆုယောင်သည် စိတ်ထဲမှနေ၍ နှစ်နှစ်ကာကာ တောင်းပန်လိုက်သည်။ ''အဲ့ဒါ အစ်မဝမ်ကြောင့်ပေါ့ရှင်၊ ဝတ်စုံက တအားလှနေတော့ ရုတ်တရက် ဘာမှကို စဥ်းစားမရတော့ဘူး''
အမျိုးသမီးများသည် ချီးကျူးခံရခြင်းကို အလွန်နှစ်သက်ကြ၏။
အထူးသဖြင့် သူတို့ထက် ငယ်ရွယ်သော မိန်းကလေးများ ချီးကျူးကြလျှင် ပို၍ပင် နှစ်သက်ကြသေး၏။
ဝမ်ယန်၏ မျက်နှာသည် မပျော်မရွှင် ဖြစ်နေရာမှ တဖြည်းဖြည်း ပြုံးပျော်လာခဲ့သည်။ ''တကယ်ကြီးလား။ အရင်နှစ်ရက်လေးတင် အသစ်ဖွင့်ထားတဲ့ ဆိုင်အသစ်မှာ မျက်နှာသွားလုပ်ထားတာလေ။ ရလဒ်ကတော့ ရှယ်ပဲ''
''အဟမ်း''
မိန်းကလေး နှစ်ဦးသည် စုန့်ရန်အား ကိုယ်ပျောက်လူသားအဖြစ် သတ်မှတ်ကာ တတွတ်တွတ် ပြော၍ စကားဖောင်ဖွဲ့နေ၏။
ချောင်းဟန့်သံသည် မိန်းကလေး နှစ်ဦး၏ အာရုံကို ဖမ်းစားသွားသည်။
ဆုယောင်သည် သူမ လက်ထဲရှိ အိတ်နှစ်လုံးကို သတိရသွားကာ ဝမ်ယန်နှင့် စုန့်ရန်တို့အား တစ်အိတ်စီ ပေးလိုက်၏။ ''အိမ်မှာ ကိုယ်တိုင် လုပ်လာတဲ့ သရေစာလေးတွေပါ။ စိတ် မသက်မသာမဖြစ်ပဲ ယူကြပါနော်''
''အထဲမှာ ဘာများလဲ'' ဝမ်ယန်သည် အိတ်ကို ယူကာ စပ်စုလိုက်သည်။ အိတ်ကို ဖွင့်လိုက်၍ အိတ်ထဲ၌ အမဲသားခြောက်ကို တွေ့လိုက်ရသောအခါ ပျော်ရွှင်မြူးထူးသွား၏။ ''ဝိုး...အမဲသားခြောက်တွေလား။ အစ်မ အကြိုက်ပဲ''
ဆုယောင် :"'အစ်မ ဝမ် ကြိုက်တယ်လား။ တော်ပါသေးရဲ့။ အစ်မ ဝမ် မကြိုက်မှာကို စိုးရိမ်နေတာရယ်''
ဝမ်ယန် : ''ဆုယောင် လုပ်တာ မကြိုက်ရှိမလား။ အဓိကက ဆုယောင် လုပ်တာ ဖြစ်နေဖို့ပဲ။ တကယ်လို့သာ ဆုယောင်က အစ်မကို တစ်ခုခု ပေးရင် အစ်မ သေချာပေါက် စားပေးရမှာပေါ့။ အမဲခြောက်ကြော်ကလည်း အစ်မ အကြိုက်ပဲ။ အခု ရသစုံရှိုးတွေက ညီမလေးရဲ့ အစားအစာတွေ ကြည့်ပြီး အိမ်မှာလည်း အစ်မ ဒိုင်လျှိုလေး လိုက်ချက်ကြည့်နေတယ်''
''အစ်မ ဝမ်က ကြင်နာတတ်လိုက်တာ''
ဝမ်ယန်သည် ဆုယောင်ကို ပွေ့ဖက်ကာ ခံစားချက်မှာလည်း အလွန်ပျော်ရွှင်နေ၏။
ထိုအခါမှသာ ဆုယောင်သည်လည်း သက်ပြင်းချနိုင်တော့သည်။
ဆုယောင်သည် သူမ၏ အဘိုး လက်အောက်၌ ခဏတာမျှ နေခဲ့ရသည်ဖြစ်ရာ လက်ဆောင်များပေးလျှင် လှပစွာ ထုတ်ပိုးထားသော သရေစာများကို ပေးခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း သိလေ၏။
ဆုယောင်သည် အမဲခြောက် လက်ဆောင်ပေးရန် အကြံအား မည်သို့ ရရှိခဲ့ပါသနည်း။ အဖြေမှာ ရှင်းရှင်းလေးပင် ဖြစ်သည်။
အကဲဖြတ်လူကြီး၏ ပုံပန်းသွင်ပြင်အား အကဲဖြတ်ကြည့်ကြပါစို့။
ဝတ်စုံပြည့်များနှင့် သားရေဖိနပ်များကြောင့် ဗိုက်ခေါက် ရှိကောင်းရှိနိုင်သော်ငြား သေချာစွာ မမြင်ရပေ။ အစားအသောက် အလွန်ကြိုက်သည့် ဝမ်ရန်သည်မူ ကင်မရာရှေ့၌ အလွန်စားသော်ငြား သူမ၏ ဗိုက်သားမှာ လွန်စွာ ချပ်ရပ်နေ၏။
ဤသည်ကို ထောက်ချင့်ရပုံထောက် အနုပညာရှင်များသည် ကင်မရာရှေ့၌ လှပစေနိုင်ရန် နောက်ကွယ်၌ လေ့ကျင့်ခန်းမည်မျှ လုပ်နေရကြောင်းအား သိနိုင်လေသည်။
ဤသို့သော အကြောင်းအရာများကြောင့် အဆီပမာဏ နည်းနည်းဖြင့် အသားဓာတ်များစွာ ပါဝင်သော အမဲသားခြောက်သည် လက်ဆောင်ပေးရန် အသင့်လျော်ဆုံးပင်။
ဝမ်ယန်သည် ဆုယောင်၏ လက်ရာကို သိထားပြီးဖြစ်ရာ သရေစာမှာလည်း သူမ စားနိုင်သည့်မုန့်ဖြစ်သောကြောင့် ဆုယောင်ရှေ့မှာပင် ဘူးကို ချက်ချင်းဖွင့်ဖောက်ကာ အမဲသားခြောက်တစ်ခုကို နှိုက်စားလိုက်ပြီး သေချာစွာ အရသာခံလေ၏။
တစ်စက္ကန့်..
ဝမ်ယန်၏ မျက်လုံးများသည် ရုတ်တရက်ပြူးကျယ်လာပြီး နှုတ်မှလည်း ခပ်သွက်သွက် ပြောလျက်ပင်။ ''အရသာရှိလိုက်တာ။ အရသာတွေက လုံးဝကို ရှယ်ပဲ'' အရသာသည် သူမကိုယ်တိုင် ပိုက်ဆံပေး၍ ငှားထားသည့် ပညာရှင်လုပ်သော အမဲခြောက်ထက် အဆပေါင်းများစွာ သာလှသည်။
''အဲ့ဒါလေးက အရသာသွင်းတာပဲ အချိန်ယူခဲ့ရတာရယ်။ ကျန်တာ လွယ်လွယ်ကူကူပဲ''
''လေသလပ်ထားရင် ပိုပြီး အရသာ ကောင်းမယ် ထင်တယ်နော်''
''ဘယ်ကသာ၊ အရသာတွေက လုံးဝ ကွာသွားလိမ့်မယ်''
''နောက်နေ့ကျ အသီးတွေကို ဆားရည်နဲ့ အချိုဖောက်တဲ့နည်းလေး ပေးဦးမယ်။ သောက်လိုက်ရင် ကြည်လင်သွားရော၊ လုပ်ရတာလည်း လွယ်မှလွယ်''
''ဒါဆို အားမနာတမ်း ပြောတော့မယ်။ ညီမလေးကိုလည်း အရသာရှိတဲ့ အဆီသိပ်မပါတဲ့ အစားအစာအကြောင်း ပြောပြဦးမယ်။ အရသာက အရမ်းကောင်းတာ သိလား''
အစားအစာအကြောင်း ဆွေးနွေးရာမှသည် ဟင်းချက်ရာ၌ အသုံးပြုသော ပါဝင်ပစ္စည်းများအထိ အကြိတ်အနယ် ပြောကြရင်း ဝမ်ယန်နှင့် ဆုယောင်တ်ို့သည် ပတ်ဝန်းကျင်ကိုပင် မေ့သွားတော့၏။ ဝမ်ယန်၏ ဘေး၌ နှစ်ဦးသား စကားပြောနေသည်ကို တိတ်ဆိတ်စွာ ထိုင်ကြည့်နေသော စုန့်ရန်သည် သူ့ကို ပေးထားသော အမဲခြောက်ထုတ်ကို ငုံ့ကြည့်လိုက်သည်။
သရေစာတဲ့လား..
မည်သည့်နေရာ၌ အရသာ ရှိနိုင်ပါမည်နည်း။
စုန့်ရန်သည် သူ၏ နာမည်ကပ်ထားသော စက္ကူအား အသာခွာလိုက်ကာ အိတ်ကို ဖြဲလိုက်ပြီး အမဲခြောက်ထည့်ထားသော ဘူးကို ဖွင့်လိုက်သည်။ထို့နောက် အမဲသားခြောက် တစ်ခုကို ကိုင်ကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။
တစ်မိနစ်မျှ ကြာပြီးနောက်..
''အဟွတ်....အဟွတ်''
''ရေ ရေ ရေ..''
တဟွတ်ဟွတ်ဖြင့် နောက်ကျောဘက်ဆီမှ ယောကျ်ားသံ တစ်သံ ထွက်ပေါ်လာသောကြောင့် စကားတပြောပြော ရှိနေသော မိန်းကလေးနှစ်ဦးသည်လည်း လန့်သွားကာ စုန့်ရန် ရှိရာသို့ အပြေးလာကြည့်ကြသည်။ ဝမ်ယန်ကို မော့ကြည့်သော စုန့်ရန်၏ မျက်နှာသည် နီရဲလျက်ရှိပြီး မျက်လုံးများမှာ မျက်ရည်များဖြင့် ပြည့်နှက်နေလျက်ပင်။
စုန့်ရန်၏ ရှေ့၌ ရှိသော စားပွဲထက်တွင်မူ အမဲခြောက်ဘူး ရှိနေ၏။
ထိုအရာက စပ်ပါသည်လော။
ဝမ်ယန်သည် ရေတစ်ဘူးအား လျင်မြန်စွာ ကမ်းပေးလိုက်သည်။
စုန့်ရန်သည် အဖုံးဖွင့်လိုက်ကာ ခေါင်းကို မော့လိုက်ပြီး ရေတစ်ဝက်ကျိုးသည်အထိ မော့သောက်လိုက်သည်။ ရေများမှာ လျင်မြန်စွာပင် လည်ချောင်းတွင်းသို့ ဝင်သွားပြီး တစ်ချို့တစ်ဝက်မှ ပါးစပ်မှ မေးစေ့ထက်သို့ စီးကျလာပြီး ထိုမှတစ်ဆင့် လည်ပင်းနှင့် ညှပ်ရိုးများထိတိုင် စီးဆင်းသွားကာ ရှပ်အင်္ကျီအဖြူ၏ ကော်လံထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားကြ၏။
နီရဲနေသော မျက်လုံးအိမ်များ၊ နှုတ်ခမ်းပါးများနှင့် မျက်ရည်များဖြင့် ပြည့်နေသော အပြာရောင်မျက်လုံးများသည် ကျောက်စိမ်းတုံးနှင့် အလားသဏ္ဍာန်တူလှသည်။
လှလိုက်လေစွ။
ဆုယောင်၏ နှလုံးသားသည် လျင်မြန်စွာဖြင့် တဒုတ်ဒုတ် ခုန်နေပြီး သူမ၏ လက်များသည် သူမ မသိလိုက်ခင်မှာပင် ကျောကို သပ်မိပေးတော့မယောင် ဖြစ်သွားကာ ပြန်လည် ထိန်းချုပ်လိုက်၏။
စက္ကန့်ပိုင်း၌ စုန့်ရန်၏ မျက်လုံးများမှာ ဆုယောင်ကို အထက်စီးဆန်စွာ ဝင့်ကြည့်၍ ပြောလိုက်သည်။ ''ဆုယောင်၊ မင်းက ငါ့ကို လက်စားချေလိုက်တာလား''
''ဘယ်လို''
မဟုတ်...မဟုတ်ပါဘူး။
နေ့ခင်းကြောင်တောင်ကြီး၌ လူများကို သွေးဖြင့်ဖြန်း၍ ရပါသည်လော။