အပိုင်း (၃၇) ဝက်ခြေထောက် အစပ်
စားသောက်ဆိုင်သို့ သွားရမည်ဟု ကြားလိုက်သောအခါ ဆုယောင်က အလွန် ပျော်ရွှင်သွားခဲ့သည်။
ထို့အပြင် ချေးများသော စုန့်ရန်မှ ထောက်ခံချက် ပေးလာသောကြောင့် အလွန် စားကောင်းမည်ဟု ယုံကြည်နေခဲ့သည်။
"ကျွန်မ ပြီးပြီနော်"ဆုယောင်က ကားပေါ်သို့ ပြန်သွားကာ ဘေးလွယ်အိတ်ကို ယူလိုက်ပြီး "ကျွန်မတို့ ဘယ်သွားကြမှာလဲ ခေါင်းဆောင်" ဟု မျှော်လင့်တကြီး မေးလိုက်သည်။
"ခဏစောင့်ဦး"စုန့်ရန်က ထိုသို့ ပြန်ပြောပြီး ကားပေါ်မှ အခြားသူများကို ကြည့်လိုက်ကာ "မင်းတို့ အဆင်သင့်ဖြစ်ပြီလား" ဟု မေးပြီး လောလိုက်သည်။
"အာ၊ ခေါင်းဆောင်တို့က မုန့်သွားစားမှာ မလား။ ကျွန်တော့်ကို ကားသော့ပေးခဲ့လေ။ အနီးအနားက တစ်နေရာမှာ ရပ်ထားလိုက်မယ်"
ဟဲယွမ်ဟန်က အင်္ကျီကိုသာ အာရုံစိုက် ရွေးနေပြီး သာမန်ကာ လျှံကာ ပြန်ပြောလိုက်သည်။
ဟဲယွမ်ဟန်က ဂီတပွဲ သွားကြည့်မည် ဖြစ်သဖြင့် အဝတ်အစားကို သေသေသပ်သပ် ရွေးဝတ်ကာ ဆံပင်ကို မှုတ်ဆေးဖြန်း၍ ပုံသွင်းနေခဲ့၏။
လင်းရန်ချီနှင့် ဂျီအန်းဝမ်တို့ကမူ အခြားသူများထက် ပိုပြီး သေသေသပ်သပ် ဝတ်ဆင်ထားကြသည်။
မိန်းကလေး နှစ်ယောက်ကမူ ဂါဝန်အရှည် ဝတ်ဆင်ပြီး မိတ်ကပ်များ လိမ်းခြယ်၍ ဆံပင်များကို ပြင်နေကြ၏။
"ကားက ငါ သုံးဖို့ လိုတယ်"
စုန့်ရန်က လိုရင်းကို တည့်ပြောလိုက်သဖြင့် ဟဲယွမ်ဟန်က "ဟုတ်သားပဲ။ ဂီတပွဲက သုံးနာရီလောက် ကြာမှာဆိုတော့ အနား မယူဘဲ သုံးနာရီလောက် လျှောက်လည်နေဖို့က မလွယ်လောက်ဘူး" ဟု စဉ်းစားလိုက်ကာ "ကျွန်တော်တို့ အခုပဲ ပြီးတော့မှာပါ ခေါင်းဆောင်ရဲ့။ အရမ်းမလောပါနဲ့" ဟု ပြောလိုက်သည်။
"မြန်မြန်လုပ်ကြ"
စုန့်ရန်က စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်သဖြင့် အားလုံးက အလျင်အမြန် လုပ်လိုက်ကြ၏။