Chapter 89
Yamin AungSeptember 10, 2023
အပိုင်း (၈၉)ဆုယောင်က ရိုက်ကူးရေး ဒုတိယပိုင်းကို ဂရုမစိုက်နိုင်တော့ဘဲ အစီအစဉ်ပြီးဆုံးသွားသောအခါ၌ လင်းရန်ချီတို့ကိုပင် မနှုတ်ဆက်ဘဲ နားနေခန်းဆီသို့ တန်းသွားကာ စတူဒီယိုမှ အမြန်ဆုံး ထွက်လာခဲ့သည်။
လမ်းတစ်လျှောက်လုံး ကျန့်ချင်းက ဆုယောင်၏ လက်ကို တင်းကျပ်စွာ ကိုင်ထားခဲ့သည်။
သွေးသားရင်း စစ်ဆေးချက် မလုပ်ရသေးသော်လည်း ဆုယောင်က ကားပေါ်တွင် ကျန့်ချင်းကို အမေဟုသာ ဆက်တိုက်ခေါ်နေခဲ့သည်။
ထိုအခါ ကျန့်ချင်းက ဆုယောင်၏ လက်ကို တင်းကျပ်စွာ ကိုင်ထားပြီး "တကယ်လို့ အမေတို့တွေက သွေးသားရင်း မဟုတ်ဘူးဆိုတဲ့ ဆေးစစ်ချက် ထွက်လာမယ်ဆိုရင်တောင် အမေ သမီးကို မွေးစားမယ်" ဟု ပြောလိုက်သည်။
"မဟုတ်တာ မပြောပါနဲ့ကွာ။ ဆုယောင်က ကိုယ်တို့ရဲ့ သမီးရင်းဆိုတာ သေချာပါတယ်"
ဆုချန်းဝမ်က ဆုယောင်ကို သမီးအရင်း ဖြစ်မည်ဟု စိတ်ထဲမှ (၉၉)% ခန့်ယုံကြည်နေခဲ့သည်။
ကျန်သည့် (၁)% မှာ ဆေးစစ်ချက်အဖြေလွှာကို စောင့်ကြည့်မည် ဖြစ်သည်။
ရှီကျောင်း၊ ဂွမ်ယုပင်းနှင့် အခြားတပည့်များကလည်း ဆရာ၏ ကားနောက်မှ လိုက်ပါလာခဲ့ကြသည်။
ရန်ယိဖန်းက အစပိုင်းတွင် စိတ်ရှုပ်ထွေးနေသော်လည်း နောက်ပိုင်းတွင် ဆုယောင်၏ အခက်အခဲများ ပြေပျောက်သွားပြီဟု တွေးကာ စိတ်အေးသွားတော့သည်။
အတည်ပြုလုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း ဆုယောင်၏ လက်ရှိ အခြေအနေအရ အားလုံးက အပြင်ဘက်တွင် ထုတ်မပြောရဲကြပေ။
ပျော်ရွှင်ပြီး ဂုဏ်ပြုပွဲ ကျင်းပချင်နေကြသော်လည်း ညလယ်ခေါင်တွင် တိတ်ဆိတ်စွာဖြင့် ညဈေးတန်းဆီသို့သာ မောင်းနှင်လိုက်ကြသည်။
ဆုယောင်တို့ ရောက်ရှိသွားသော ညဈေးတန်းက ဟူနန်မြို့တွင် ကျော်ကြားသော ညဈေးတန်းတစ်ခု ဖြစ်သည်။
ဈေးတန်း အပြင်တန်းတွင် အနီရောင် စားပွဲခုံများနှင့် ထိုင်ခုံများစွာ ရှိနေသော်လည်း နေရာများအကုန် လူပြည့်နေပြီး နေရာလွတ်မကျန်တော့ပေ။