Chapter 59
Yamin AungAugust 09, 2023
အပိုင်း(၅၉) မြေအိုးမြီးရှည်စက္ကန့်ပိုင်းအတွင်း လူသုံးယောက်က ရေထဲသို့ ဆင်းသွားကြသည်။
အားလုံးက ကြောင်သွားကြပြီးနောက် ရိုက်ကူးရေးအဖွဲ့က တုံ့ပြန်မှု အမြန်ဆုံး ဖြစ်ကာ ကင်မရာများကို ရေကန်မျက်နှာပြင်ဆီသို့ ချိန်လိုက်ကြသည်။
နူးညံ့သိမ်မွေ့သော ဝမ်ယုက ထိုမြင်ကွင်းကို မြင်လိုက်သောအခါ "ဘာတွေ လုပ်နေကြတာလဲ။ လူတွေ ရေထဲကျသွားတာကို မကယ်ကြဘူးလား" ဟုအော်ဟစ် ပြောဆိုလိုက်သည်။
"ဆုယောင်ရေ"
"လင်းရန်ချီရေ"
ဝမ်ယု၊ ချောင်မန်လင်းနှင့် ဂျီအန်းဝမ်တို့က ကမ်းစပ်တွင် အော်ဟစ်ပြီး ပျာယာခတ်နေကြသည်။
လှေပေါ်တွင် ကျန်ခဲ့သော ဒါရိုက်တာကွမ်က ထို
မြင်ကွင်းကို မြင်လိုက်သောအခါ အခြား နိုင်ငံခြားသား ခရီးသွားများ ရေထဲသို့ ခုန်ဆင်းပြီး ဆော့ကစား နေကြသည်ဟု ထင်သွား၍ "ဟူး...ငါ့မှာသာ အလုပ်မရှိရင် သူတို့လိုပဲ ရေထဲဆင်းပြီး အအေးခံချင်လိုက်တာ" ဟုရေရွတ်လိုက်သည်။
"အဲ့ဒါ ခရီးသွားတွေ မဟုတ်ဘူး ဒါရိုက်တာ! ကျွန်တော်တို့ လူတွေ ရေထဲကို ကျသွားတာ"
"လင်းရန်ချီ၊ စုန့်ရန်နဲ့ ဆုယောင်တို့"
"ဘာ!"
တစ်မနက်ခင်းလုံး ကြည်လင်နေသောစိတ်များက စက္ကန့် အနည်းငယ် အတွင်း နောက်ကျိသွားကာ ဒါရိုက်တာကွမ်က "မင်းတို့ ရပ်ကြည့်ပြီး ဘာလုပ်နေကြတာလဲ။ ဆင်းကယ်ကြလေ" ဟုအော်ပြောလိုက်သည်။
အခြေအနေက အရေးကြီးကြောင်းကို နားလည်သွားကြသော အခြားသူများက အဝတ်အစားများကို ချွတ်ကာ ရေထဲသို့ ခုန်ဆင်းရန် ပြင်လိုက်ကြသည်။
ထိုအချိန်တွင် ခေါင်းတစ်လုံးက ရေထဲမှ ပေါ်လာပြီး လင်းရန်ချီက ဆံပင်ကို အနောက်သို့ သပ်တင်လိုက်ကာ "ဟဟဟ လန့်သွားကြတယ်မလား။ မင်းတို့ကို ရေထဲဆင်းလာအောင်လို့ စလိုက်တာ။ ရေကန်ထဲက ရေက အရမ်းမအေးတော့ သက်တောင့်သက်သာရှိတယ်" ဟုပြောလိုက်သည်။