Chapter 92
Yamin AungSeptember 11, 2023
အပိုင်း (၉၂) ပင်လယ်စာ ဆန်ပြုတ်မကြာခင်တွင် မှာထားသော ပင်လယ်စာများက ရောက်ရှိလာခဲ့သည်။
ပုစွန်နှင့် ဂဏန်းများက လတ်လတ်ဆတ်ဆတ် ခုန်ပေါက်နေပြီး ဈေးကလည်း မနည်းလှပေ။
ဆုယောင်က ပြေစာ စာရွက်ကို ကြည့်ပြီး မူးမေ့ချင်သွားသော်လည်း စုန့်ရန်က ဘာမှ မပြောသဖြင့် ပုစွန်နှင့် ဂဏန်းများကို ပါကင်ဖြည်လိုက်သည်။
ပြုတ်ထားသော ဆန်ပြုတ်ကလည်း ဆူပွက်နေပြီဖြစ်ရာ ဆန်ပြုတ်ထဲတွင် ကမာများ ထည့်ပြုတ်ထားသဖြင့် ရနံ့မွှေးလာခဲ့သည်။
ဆုယောင်က ပင်လယ်စာများကို ကိုင်တွယ်ရင်း ဆန်ပြုတ်အိုးကိုပါ မွှေနေရသဖြင့် စုန့်ရန်က "ငါလုပ်ပေးမယ်" ဟုပြောပြီး ဆန်ပြုတ်အိုးကို ဝင်မွှေပေးရန် ပြင်လိုက်သည်။
ထိုအခါ ဆုယောင်က စုန့်ရန်ကို အံ့ဩသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး "ရှင်လုပ်တတ်လို့လား" ဟု မေးလိုက်သည်။
"မင်းဘယ်လိုထင်လဲ"
စုန့်ရန်က ပြုံးပြီး ထိုသို့ပြန်မေးလိုက်သော်လည်း ဆုယောင်က ထိုအပြုံးနောက်ကွယ်မှ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် ကျောစိမ့်သွားကာ လက်ထဲမှ ယောင်းမကို စုန့်ရန်လက်ထဲသို့ ထည့်ပေးလိုက်သည်။
"မွှေရတာက လွယ်လွယ်လေးနော်။ ယောင်းမကို ဦးတည်ချက် တစ်ဖက်တည်းကို ဦးတည်ပြီး အိုးမကပ်စေနဲ့"
"အင်း"
လိုအပ်သည်များကို မှာကြားပြီးနောက် ဆုယောင်နှင့် စုန့်ရန်တို့က အလုပ်ကိုယ်စီ လုပ်လိုက်ကြသည်။
မှာယူထားသော ပုစွန်နှင့် ဂဏန်းများက ကြီးမားလတ်ဆတ်ပြီး အဝါရောင် ဖြစ်နေကာ အပူထဲသို့ ရောက်သွားသောအခါ ချက်ချင်း ပန်းရောင် ပြောင်းသွားခဲ့သည်။
ဆန်ပြုတ်ထဲသို့ ပုစွန်နှင့် ဂဏန်းကို ထည့်ရောလိုက်သောအခါ ဆန်ပြုတ်၏ အရောင်က လှပသော ရွှေဝါရောင် အဖြစ်သို့ ပြောင်းသွားခဲ့သည်။
ဆုယောင်က နှာခေါင်းပိတ်နေသဖြင့် စုန့်ရန်ကို "မွှေးလား" ဟု မေးလိုက်သည်။