Chapter 28

1.6K 149 1
                                    

အပိုင်း(၂၈) ငါးဟင်းရည်


ဆုယောင်ကမူ သူမ၏ ညစာ ပြင်ဆင်ရန်အတွက် အလုပ်ရှုပ်နေသဖြင့် ပြင်ပအရာများကို ဂရုမစိုက်မိပေ။

အစားအသောက် ပွဲတော်တွင် မုန့်အများကြီး စားထားသဖြင့် ဆုယောင်က အားအပြည့်ဖြင့် တက်ကြွနေခဲ့သည်။

စုန့်ရန်၏ စကားကလည်း သူမကို ပို၍ ပျော်ရွှင်စေခဲ့ကာ အာရှဈေးသို့ ရောက်သောအခါ သူမလိုချင်သော အရာများကို တန်းဝယ်လိုက်၏။

ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ ပြောင်းဖူး ကော်မှုန့်၊ ကော်မှုန့်၊ ကြိတ်ထားသော ငရုတ်သီး၊ ပဲမှုန့်နှင့် ဟင်းခတ် အမွှေးအကြိုင်များစွာကို ဝယ်ယူခဲ့သည်။

ထို့နောက် ဆုယောင်က ဂေါ်ဖီ သနပ်ထုတ်နှင့် ငရုတ်သီး သနပ်ထုတ်များကို စင်ပေါ်မှ ယူလိုက်ကာ ညစာအတွက် ဂေါ်ဖီသနပ် ငါးဟင်းရည် လုပ်မည်ဟု
ဆုံးဖြတ်လိုက်သည်။

"အဲ့ဒါက ပေါ့ပေါ့ပါးပါး ဟင်းပွဲအတွက်လား"

အဖွဲ့သားများက ဆုယောင် လတ်လတ်ဆတ်ဆတ် ငါးတစ်ကောင်ကို ကောက်ကိုင်လိုက်သောအခါ အံ့ဩသွားပြီး ထိုသို့ မေးလိုက်ကြသည်။

"အင်းလေ။ ဒီဟင်းက ဘာလို့ မလွယ်ဘဲ နေမှာလဲ။ ငါးအရိုးကို နွှင်ပြီး ပြုတ်ထားလိုက်မယ်။ ပြီးရင် ငါးတွေကို အသားလွှာပြီး အသီးအရွက်တွေနဲ့ တူတူ ငါးပြုတ်ရည်ထဲ ထည့်ပြုတ်ရုံပဲလေ။ တစ်အိုးထဲနဲ့ ပြီးမယ့် ဟင်းကို ဘာလို့ မလွယ်ရမှာလဲ"

ဆုယောင်အတွက်မူ ထိုဟင်းပွဲက လွယ်ကူလှသည်။

အနည်းဆုံး အိုး ခဏ ခဏ ဆေးရမည့် အလုပ်မှာ သက်သာသွားမည် ဖြစ်သည်။

အားလုံးက ဆုယောင်၏ အတွေးများကို လိုက်မမှီနိုင်တော့သဖြင့် လက်လျှော့ပြီး ဆက်မပြောကြတော့ပေ။

အထူးသဖြင့် ချောင်မန်လင်းက "နင် ဒီအတိုင်းသာ နေ့တိုင်းချက်နေလို့ကတော့ ငါ အဝတ်အစားတွေတောင် တော်တော့မှာ မဟုတ်ဘူး။ ငါ ဒီခရီးမှာ ဓာတ်ပုံလှလှလေးတွေ ရိုက်မယ်ဆိုပြီး ကိုယ်ကျပ်နဲ့ စကတ်တိုလေးတွေပဲ ထည့်လာတာ။ ဒါမှမဟုတ် နင် ငါး အသေးနဲ့ပဲ ချက်ပါလား။ အဲ့ဒါမှ ငါလည်း အများကြီး မစားမိမှာ" ဟု စဉ်းစားပြီး ပြောလိုက်သည်။

ချော်မန်လင်း၏ စကားကို အားလုံးကလည်း သဘောတူကာ ခေါင်းညိတ်ပြလိုက်ကြသည်။

ဆုယောင်ကမူ မကြားလိုက်သလိုလုပ်ပြီး ငါး အကြီးဆုံးကို ကောက်ကိုင်ကာ "တခြားအစားအသောက်တွေကတော့ ဝနိုင်ပေမယ့် ငါး စားတာက ဘယ်တော့မှ ဝမှာ မဟုတ်ဘူး။ ငါးမှာ အသားဓာတ် အများကြီးပါပြီး အဆီနည်းတယ်။ နေ့တိုင်း စားရင် ဝိတ်တောင်ကျဦးမှာ။ ငါး စားလို့ ဝလာတယ်ဆိုတာ ဘယ်မှာရှိလို့လဲ" ဟု ပြောလိုက်သည်။

ထိုအခါ အားလုံးက ငါးကို ကြည့်လိုက်ကာ ပြန်မပြောနိုင်ကြတော့ပေ။

....

ဆုယောင် ဝယ်ချင်သည့် ပစ္စည်းများ ဝယ်၍ ပြီးသွားသောအခါ စခန်းချမည့်နေရာသို့ မောင်းသွားလိုက်ကြသည်။

ယနေ့ည စခန်းချမည့် နေရာမှာ အရင်နေ့ကထက် ပိုကျဉ်းသော နေရာ ဖြစ်၏။

ထိုနေရာတွင် မီးဖိုခန်းနှင့် ညအိပ်ရန် နေရာများပင် မရှိဘဲ လျှပ်စစ်နှင့် ရေကိုသာ ပေးထားသည်။

မီးဖိုခန်း မရှိသဖြင့် ဆုယောင်က ခရီးသွား ကားပေါ်တွင် ရှိသော မီးဖိုချောင် အသေးကိုသာ အသုံးပြု၍ ချက်မည်ဟု စဉ်းစားလိုက်သည်။

သို့သော် ဆီပေါက်လျှင် အလုပ်ရှုပ်မည်ကို စိုးရိမ်သဖြင့် နောက်ဆုံးတွင် ဂျီအန်းဝမ်နှင့် လင်းရန်ချီတို့ကို ခေါ်ပြီး ကား၏ အပြင်ဘက် အမိုးအောက်တွင် ချက်ပြုတ်မည့် နေရာ ပြင်ဆင်ပေးရန် အကူအညီတောင်းလိုက်ရသည်။

"ကျေးဇူးပါနော်"

"ရပါတယ်။ မလိုပါဘူး" ဟု လင်းရန်ချီက ပြောပြီး လက်ကာပြကာ ထွက်သွားတော့သည်။

ဂျီအန်းဝမ်ကမူ "ငါးက အကြီးကြီးပဲဆိုတော့ ဂေါ်ဖီ  သနပ် များများ ထည့်ချက်နော်" ဟု‌ဆုယောင် အနားသို့ ကပ်ပြီး ပြောလိုက်သည်။

"အင်း၊ ကျွန်မ ပိုထည့်လိုက်မယ်နော်"

"ဟုတ်ပြီ"

ဂျီအန်းဝမ်က ကျေနပ်သည့် မျက်နှာဖြင့် ထွက်သွားသဖြင့် ဆုယောင်က ဂျီအန်းဝမ် အကြိုက် ချက်ပေးရန် ဆုံးဖြတ်လိုက်သည်။

အကြောင်းရင်းမှာ လေးယောက် မဟာမိတ်အဖွဲ့တွင် ဂျီအန်းဝမ် တစ်ယောက်သာ ဆုယောင်အပေါ် အမြင် မပြောင်းလဲသေးကြောင်း ခံစားမိသောကြောင့် ဖြစ်သည်။

ဆုယောင်က ခရီးသွားကား၏ အပြင်ဘက်တွင် လေဒဏ်၊ မိုးဒဏ် ကာကွယ်ရန် ကား၏ ဘေးမှ အမိုးကို ထုတ်ထားရာ ရာသီဥတုက သာယာနေသဖြင့် ထိုအမိုးမှာ ကင်မရာ ချိတ်ထားရန် ဖြစ်သွားခဲ့သည်။

ထိုကင်မရာဖြင့် ဆု‌ယောင်၏ လှုပ်ရှားမှုများကို အပေါ်စီးမှ ရိုက်ကူးထားမည် ဖြစ်သည်။

"ကျွန်မတို့ ဒီည ဒီမှာ နေမလို့လား၊ ခေါင်းဆောင်"

ဝမ်ယု၏ စကားသံက အနောက်မှ ထွက်လာသဖြင့် ဆုယောင်က အနောက်သို့ လှည့်ကြည့်လိုက်သောအခါ ကားပေါ်တွင် ယောက်ျားလေး လေးယောက်က ရွက်ဖျင်တဲများကို ပြင်ဆင်နေကြောင်း တွေ့လိုက်ရသည်။

"စရိတ် ခြွေတာဖို့အ‌တွက် ဒီည တဲထဲမှာပဲ အိပ်မလို့များလား"

"ဟင်း...ရိုက်ကူးရေး အဖွဲ့ရဲ့ စည်းမျဉ်းကြောင့်ပေါ့။ ဒီအစီအစဉ်မှာ သူတို့ ထုတ်ပေးတဲ့ ပိုက်ဆံနဲ့ပဲ သုံးပြီး အဖွဲ့သားတွေက ကိုယ်ပိုင် ပိုက်ဆံကို ထုတ်သုံးလို့မရဘူး။ အဲ့ဒါကြောင့် ခြွေတာမှ ရမယ်" ဟု စုန့်ရန်က အေးစက်နေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

အစီအစဥ် စတင် ရိုက်ကူးစဥ်ကပင် စုန့်ရန် ကားပေါ်တက်လိုက်သည်နှင့် ရိုက်ကူးရေး ဝန်ထမ်းများက စုန့်ရန်ထံမှ ဘဏ်ကဒ်နှင့် ငွေသားများကို သိမ်းယူသွားသဖြင့် စုန့်ရန်မှာ ငွေမသုံးနိုင်ခဲ့ပေ။

"ဒါဆို နောက်နေ့တွေ‌အတွက်ရော ဘယ်လိုလုပ်မလဲ။ နေ့တိုင်း ဒီလိုမျိုးကြီး အိပ်နေရမှာလား။ ရေချိုးရတာလည်း အဆင်မပြေဘူး။ တကယ်ပဲ ဒီလိုမျိုး ညအိပ်မှာလား" ဟု ဝမ်ယုက စိတ်ညစ်သွားသည့် လေသံဖြင့် မေးမြန်းလိုက်သည်။

ထိုအခါ ဟဲယွမ်ဟန်က "မင်းတို့ မိန်းကလေးတွေက ကားပေါ်မှာ အိပ်လိုက်။ ငါတို့ ယောကျ်ားလေးတွေက အပြင်မှာ တဲထိုးပြီး အိပ်လိုက်မယ်" ဟု ပြောပြ နှစ်သိမ့်လိုက်၏။

"ကားပေါ်မှာ ဘယ်လို အိပ်ရမှာလဲ"

ဝမ်ယုက ဟိုတယ်တွင် သွားအိပ်ချင်သော်လည်း
သူမ၏ ကိုယ်ပိုင် အသုံးစရိတ်ကို သုံးစွဲ၍ မရသောကြောင့် မျက်ရည်များပင် ဝဲလာတော့သည်။

တစ်ညအတူ အိပ်ဖူးသော ချောင်မန်လင်းက ဝမ်ယု၏ အကြောင်းကို သိနေသဖြင့် ပုခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

လူတွေကို နှစ်သိမ့်မပေးတတ်သော စုန့်ရန်ကမူ "ဒီညတော့ အဆင်ပြေအောင် နေလိုက်။ မနက်ဖြန်ကျမှ တခြားကိစ္စတွေ ထပ်ပြောမယ်" ဟု ပြောလိုက်၏။

စုန့်ရန်၏ စကားကြောင့် သည်ည သည်နေရာတွင် ညအိပ်ရမည်မှာ သေချာသွားတော့သည်။

အဖွဲ့သားများထဲတွင် ဝမ်ယုက အခြားသူများကဲ့သို့ မဟုတ်ဘဲ ငယ်စဉ်ကတည်းက မိဘ၏ သေချာဂရုစိုက်မှု အောက်တွင် ကြီးပြင်းလာရသဖြင့် ဒုက္ခဆင်းရဲကို မခံစားနိုင်ပေ။

ထို့ကြောင့် ဝမ်ယုက စိတ်တိုကာ ဒါရိုက်တာနှင့် တွေ့ပြီး တစ်ခုခု သွားပြောမည်ဟု တွေး၍ ထွက်သွားတော့သည်။

ထိုအခါ ချောင်မန်လင်းက စိတ်ပူကာ အနောက်မှလိုက်သွားလိုက်သည်။

ဝမ်ယု ဒါရိုက်တာနှင့် တွေ့သောအခါ ဒါရိုက်တာကွမ်က "အဲ့လိုလုပ်လို့ မရဘူး။ ဒီလောက် အများကြီး ရိုက်ထားပြီးပြီဆိုတော့ ခုမှ မရိုက်တော့ဘူးဆိုရင် နောက်ကျရင် ရှုပ်သွားလိမ့်မယ်။ ပရိသတ်တွေကလည်း မင်းကို အလုပ် သေချာမလုပ်ဘူးဆိုပြီး ကြိုက်တော့မှာ မဟုတ်ဘူး။ ပိုက်ဆံလည်း ထပ်မထုတ်ပေးနိုင်ဘူး။ ကိုယ့်ဘာသာကိုယ် အစီအစဉ် ရိုက်ကူးရင်း ရှာနိုင်ရင်တော့ သုံးလို့ရတယ်" ဟု ပြောဆိုလိုက်သည်။

ထို့ကြောင့် ဝမ်ယုလည်း စိတ်လျှော့ကာ ကားပေါ်သို့ ပြန်လာလိုက်သည်။

ကားပေါ်တွင် ထိုကိစ္စများကို ပြန်တွေးရင် ဒေါသထွက်လာသော်လည်း သူမ လုပ်နိုင်တာ ဘာမှ မရှိသဖြင့် မျက်ရည်များသာ ကျဆင်းလာခဲ့သည်။

ယောက်ျားလေးများကမူ ဝမ်ယုကိုကြည့်ပြီး အားနာ
နေကြသဖြင့် ဘာမှ ဝင်မပြောကြပေ။

ငါး ကိုင်လက်စ ဖြစ်နေသော ဆုယောင်က ငါးကိုထားခဲ့ကာ လက်ကို ဆေးကြောပြီး ကားပေါ်သို့ အခြေအနေကြည့်ရန် တက်လာလိုက်သည်။

ဆုယောင် တက်လာသည်ကို မြင်လိုက်သော ချောင်မန်လင်းက ဒါရိုက်တာ ကွမ် ပြောခဲ့သည့် စကားများကို ဆုယောင်ထံ ပြန်ပြောပြလိုက်သည်။

ထိုအခါ ဆုယောင်က မနေ့က ချောင်မန်လင်းတို့ အများကြီး သုံးခဲ့သည်ကို သတိရသွားသော်လည်းဘာမှ မပြောလိုက်ပေ။

ထို့အစား "တကယ်တော့ ဒီကားပေါ်မှာ အိပ်ရတာလည်း မဆိုးပါဘူး။ ပူရင် လေအေးပေးစက် ဖွင့်လို့ရတာပဲ" ဟု ပြောပြီး နှစ်သိမ့်ပေးလိုက်သည်။

စကားများ အပြန်အလှန် ပြောကြပြီးနောက် ဆုယောင်က စကား သိပ်မကြွယ်သဖြင့် ဝမ်ယုကို ကောင်းကောင်း နှစ်သိမ့်မပေးနိုင်ခဲ့ပေ။

သို့သော် ဝမ်ယုက ခေါင်းထောင်လာကာ "ငါအဆင်ပြေပါတယ် ဆုယောင်ရယ်။ ငါးကို သွားလုပ်လိုက်ဦး။ အချိန်ကြာသွားရင် ငါးအသားတွေ ညှီကုန်ဦးမယ်" ဟု ပြောလိုက်သည်။

ဝမ်ယုက ညစာ ငါးဟင်းရည် အကြောင်းကိုပင် သတိရသေးသဖြင့် ဆုယောင်က အခြေအနေ မဆိုးတော့ဘူးဟု တွေးကာ ကားပေါ်မှ ဆင်းလာခဲ့လိုက်တော့သည်။

ကားအောက်တွင် စုန့်ရန်က မနီးမဝေး၌ မတ်တတ်ရပ်ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်နေသဖြင့် ဆုယောင်က စုန့်ရန်ဆီသို့ လျှောက်သွားလိုက်သည်။

"ခေါင်းဆောင်"

"ဘာကိစ္စရှိလို့လဲ"

စုန့်ရန်က ရိုက်ကူးရေး အဖွဲ့ကို စိတ်တိုနေသဖြင့် မှုန်ကုပ်နေသော မျက်နှာဖြင့် လှည့်ကြည့်လာခဲ့သည်။

ထို့ကြောင့် ဆုယောင်က စိတ်အပြောင်းအလဲ ဖြစ်စေရန် "ကျွန်မ ငါးကိုင်ရမှာမို့လို့ ခေါင်းဆောင်က မီးမွှေးပေးလို့ ရမလားဟင်" ဟု ပြောပြီး အကူအညီတောင်းလိုက်၏။

စုန့်ရန်က "အင်း" တစ်လုံးသာ ပြောပြီး ကူညီရန် ဆုယောင်နဲ့ လိုက်လာခဲ့သည်။

ဆုယောင်က ငါး အသားလွှာကို အာရုံစူးစိုက်ကာ လွှာလိုက်ပြီး အရိုးများကို ရေဆူအိုးထဲတွင် ထည့်ပြုတ်လိုက်သည်။

ငါးပြုတ်ရည် ပထမအကြိမ် ဆူလာပြီးနောက် ဟင်းခတ်အမွှေးအကြိုင်များ၊ အသီးအရွက်များကို ထည့်လိုက်သည်။

ငါးဟင်းရည်က ချက်ပြုတ်ရန် အလွန်လွယ်ကူ မြန်ဆန်သဖြင့် ခဏလေးအတွင်း ကျက်သွားတော့သည်။

ဆုယောင်က ဂေါ်ဖီ သနပ်ကို ဟင်းရည်ထဲ မထည့်ခင် ရေဖြင့် လေးထပ်ခန့် အသေအချာ ဆေးကြောလိုက်သေးသည်။

ယခု ဟင်းရည် ဆူပွက်လာသောအခါ ဆုယောင်က ဂေါ်ဖီ သနပ်ကို ထည့်လိုက်သဖြင့် ငါးပြုတ်ရည်၏ လတ်ဆတ်မှုနှင့် ဂေါ်ဖီသနပ်၏ အချဉ်နံ့တို့က ပေါင်းစပ်သွားကာ လေထုထဲတွင် ပျံ့လွင့်လာတော့သည်။

ငါး အရိုး၏ အချိုဓာတ်မှာလည်း ဟင်းရည်တွင် ပျော်ဝင်နေသဖြင့် ဟင်းရည်က ချိုမြိန်နေမည်မှာ အသေအချာပင် ဖြစ်၏။

စုန့်ရန်က ငါးဟင်းရည်ကို ကြည့်ပြီး ဗိုက်ဆာလာသည့် အချိန်တွင် ဆုယောင်က အစိမ်းရောင် အရွက်များကို ထုတ်လိုက်ပြီး "ကျွန်မ အရွက် ထပ်ခတ်ချင်လို့ ဒါတွေ ဆေးပေးပါဦး ခေါင်းဆောင်" ဟု ပြောပြီး ဆေးခိုင်းလိုက်သည်။

ထိုအခါ စုန့်ရန်က မလုပ်ချင်၊ လုပ်ချင်ဖြင့် အရွက်များကို ယူကာ အပြေးအလွှား ဆေးကြောလိုက်သည်။

ဆု‌ယောင်က စုန့်ရန်၏ ပုံစံကို ကြည့်ပြီး သဘောကျနေတော့သည်။

ငါး အသားလွှာများကို ဟင်းအိုးထဲ ထည့်တော့မည့် အချိန်တွင် ဆုယောင်က သူမ၏ အနောက်ဘက်မှ ဗိုက်ထဲတွင် ဆာလောင်နေသည့် အသံမျိုး ထွက်လာသဖြင့် လှည့်ကြည့်လိုက်ရာ ဆုယောင်၏ ချက်ပြုတ်ပုံကို လာရောက် ရိုက်ကူးနေသော ပီဒီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ထိုအခါ ဆုယောင်က ဗိုက်ဆာနေသော ပီဒီများကိုကြည့်၍ ဝမ်ယုကို ငိုအောင် လုပ်ထားသော ဒါရိုက်တာကို သတိရသွားကာ အကြံတစ်ခုရလာပြီး ပန်းသီးရောင်းသည့် စုန်းမကြီးကဲ့သို့ ပြုံးလိုက်သည်။

ထို့နောက် ငါးဟင်းရည်ကို ပီဒီများအတွက် ပြင်ဆင်လိုက်ပြီး ပန်းကန်လုံး အကြီးထဲတွင် ထည့်ကာ ပီဒီများဆီသို့ လျှောက်သွားပြီး "ဆရာတို့ ဒီရက်အတွင်း ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြရတယ်မလား။ အစားအသောက်လည်း ကောင်းကောင်း မစားထားရတော့ ဒီဟင်းကို စားချင်ကြလားဟင်" ဟုဆုယောင်က မေးလိုက်တော့သည်။

ပီဒီများက တိတ်ဆိတ်နေပြီး တံတွေးမြိုချသံများ
သာ ထွက်ပေါ်လာတော့၏။


...…….................................
.........................................


အပိုင်း (၂၈) ပြီးပါပြီ။

ငါလေးရဲ့ဟင်းချက်စကေးကိုကြည့်လိုက်စမ်း (Complete ✅)Where stories live. Discover now