Chapter 65
Yamin AungAugust 17, 2023
အပိုင်း (၆၅) ဝက်သားပေါက်စီတစ်ရက်တာ ခရီးစဉ်အတွင်း ဆုယောင်က သူမ တွေ့ခဲ့သော ရှုခင်းများကို ဖုန်းဖြင့် မှတ်တမ်းတင်ထားခဲ့သည်။
ဆုယောင် အမှတ်အရဆုံး အရာမှာ အလွန်အရသာ ကောင်းမွန်သော တောင်ပေါ်မှ ဟော့ဒေါ့ဖြစ်သည်။
ဆုယောင်က ဤရက်များအတွင်း fast food စားသောက်ဆိုင် အကုန်လုံးနီးပါးကို မြည်းစမ်းကြည့်ခဲ့သည်။
သို့သော် ဆုယောင်အတွက် မေ့မရဖြစ်စေနိုင်သော အစားအစာ မရှိခဲ့ပေ။
စခန်းချသည့် နေရာသို့ ပြန်ရောက်သောအခါ ဆုယောင်က ညစာလုပ်သည့် အလုပ်ကို ဝင်မစွက်ဖက်ဘဲ အသီးအရွက်သုပ် အနည်းငယ်စားကာ အိပ်ယာဝင်လိုက်သည်။
နောက်တစ်နေ့ မနက်တွင် စောစောထပြီး မီးဖိုခန်းဆီသို့ တိတ်တိတ်လေး လျှောက်သွားလိုက်သည်။
မီးဖိုခန်းထဲရှိ ထောင့်တစ်နေရာတွင် တပ်ဆင်ထားသော ကင်မရာက ဆုယောင်၏ လှုပ်ရှားမှုများကို ရိုက်ကူးနေခဲ့သည်။
ဆုယောင်က ကင်မရာကို မမြင်ဘဲ ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်သောအခါ ရေခဲသေတ္တာထဲတွင် ထွေထွေထူးထူး မရှိဘဲ ဝက်သားတုံးကြီး တစ်တုံးသာ ရှိနေခဲ့သည်။
ထိုအသားကို Rigi တောင်မှ ပြန်ဆင်းလာပြီးနောက် ဝယ်လာခဲ့ခြင်း ဖြစ်သည်။
ရိုက်ကူးရေး အဖွဲ့၏ အစီအစဉ်အရ ချက်ပြုတ်တတ်သည် ဖြစ်စေ၊ မဖြစ်စေ ချက်ပြုတ်ပေးရမည် ဖြစ်ရာ ယနေ့ချက်ပြုတ်ရမည့် အလှည့်မှာ ဝမ်ယုအလှည့်ဖြစ်သည်။
ထို့ကြောင့် ဝမ်ယုက တောင်ပေါ်မှ ဆင်းလာပြီးနောက် စူပါမားကတ်သို့ ဝင်ကာ ဝက်သားနှပ်၊ ဝက်သားကြော် လုပ်မည်ဟူ၍ ပြောဆိုပြီး ဝယ်လာသော ဝက်သားတုံး ဖြစ်သည်။
ဆုယောင်က ရှေ့နှစ်ရက်က ပေါင်မုန့်နှင့် နွားနို့ကိုသာ မှီခိုနေခဲ့ရပြီး ချိစ်ဟော့ဒေါ့ စားပြီးနောက်တွင် အရသာခံချင်စိတ်က တစ်ဖန် ပြန်လည်နိုးထလာခဲ့သည်။
ထို့ကြောင့် ဆုယောင်က မိုးမလင်းခင် မီးဖိုခန်းထဲသို့ ဝင်လာကာ ဝက်သားကို ဆေးပြီး လှီးဖြတ်လိုက်သည်။