Chapter 74
Yamin AungAugust 28, 2023
အပိုင်း (၇၄) ထမင်းခြောက် အစပ်ကြော်"ဆု လာလည်လိမ့်မယ်လို့ မထင်ထားဘူး"
လော်ရိန်း၏ ရဲတ်ိုက်သို့ရောက်သောအခါ လော်ရိန်းက ဆုယောင်ကို ပြေးဖက်ပြီး "ဆုငြင်းမယ်လို့ ထင်ထားတာ" ဟု ပြောလိုက်သည်။
စိတ်အားထက်သန်စွာ ဖက်နေခြင်းက ဆုယောင် မှတ်မိသော လော်ရိန်းနှင့် ခြားနားနေသဖြင့် ဆုယောင်က အနည်းငယ် ထူးဆန်းသွားသည်။
တစ်ဖက်တွင်လည်း မျက်စိရှေ့တွင် ရှိနေသော ကိုယ်ပိုင်ရဲတိုက်က အလွန်ခမ်းနားနေသဖြင့် ဆုယောင်က အနည်းငယ် မနာလိုအားကျ ဖြစ်သွားသည်။
ရဲတိုက်၏ ပုံစံက လူအများ လာရောက် လည်ပတ်ရန် ပြင်ဆင်မွမ်းမံထားသော အခြား ရဲတိုက်အများစု၏ ပုံစံနှင့် မတူဘဲ တည်နေရာက ဝေးလံသော နေရာ၌ ရှိသည်။
ဘေးပတ်ဝန်းကျင်တွင် တောင်တန်းများ ဝန်းရံနေပြီး လမ်းညွှန်စက်သာမရှိပါက ဤနေရာတွင် ရဲတိုက်တစ်ခု ရှိနေလိမ့်မည်ဟု ထင်ကြလိမ့်မည် မဟုတ်ပေ။
ရဲတိုက်၏ ပုံစံက ရှေးကျပြီး နံရံများတွင် သစ်ပင်ခြုံနွယ်များဖြင့် ဖုံးအုပ်နေကာ နှစ်ပေါင်းများစွာ ခံခဲ့ရသော လေဒဏ် မိုးဒဏ်များကြောင့် အက်ကွဲရာများ ရှိနေသည်။
အပြင်ဘက်တွင် ရာသီဥတုက သာယာနေသော်လည်း ရဲတိုက်ထဲသို့ ဝင်လိုက်သောအခါ အေးစိမ့်နေသည်။
"ငါဘာလို့ အေးလာသလို ခံစားမိတာပါလိမ့်"
ဝမ်ယုက လက်နှစ်ဖက်ကို ပွတ်ပြီး အင်္ကျီစကို ဆွဲပိတ်လိုက်သည်။
လင်းရန်ချီက ဘာမှမခံစားရသည့် ပုံစံဖြင့် ပြေးသွားကာ ဓာတ်ပုံများ ရိုက်ကူးနေခဲ့သည်။
အဖွဲ့သားများက နေရာပေါင်းစုံသို့ လျှောက်ကြည့်နေကြသည်ကို လော်ရိန်းက စိတ်မဆိုးဘဲ ဆုယောင်ကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားခဲ့သည်။
လော်ရိန်းနှင့် ခဏကြာ စကားစမြည် ပြောကြပြီးနောက် ဆုယောင်က လော်ရိန်း စိတ်အားထက်သန်နေသည့် အကြောင်းရင်းကို သိရှိသွားတော့သည်။