Chapter 88
Yamin AungSeptember 08, 2023
အပိုင်း (၈၈)လျှောက်လမ်းအရှည်ကြီးထဲတွင် ကျန့်ချင်းက သူမ တွေးနေသော မျက်နှာကို ပထမဆုံးအကြိမ် အနီးကပ် မြင်တွေ့လိုက်ရသည်။
ထို့ကြောင့် မျက်ရည်များ တသွင်သွင် စီးကျလာပြီး mask တစ်ခုလုံး စိုရွှဲသွားခဲ့သည်။
ထိုအခါ ဆုယောင်က အံ့ဩသွားပြီး "အမေလည်း အဲ့ဒါကို ဝတ်ထားတာလား" ဟုတုန်ရီစွာ ပြောလိုက်သည်။
ကျန့်ချင်းက ထိုစကားကို ကြားလိုက်သောအခါ မျက်ရည်များ ရပ်သွားပြိီး ဆုယောင်ကို စကားများစွာ ပြောချင်နေသော်လည်း သူမ၏ ပါးစပ်မှ တစ်လုံးမှ မထွက်လာခဲ့ချေ။
ဆုချန်းဝမ်ကလည်း ဆုယောင်၏ စကားကြောင့် ထိတ်လန့်သွားကာ ဘေးနားမှ လူများက သူတို့ကို ကြောင်ပြီး ရပ်ကြည့်နေကြတော့သည်။
"အမေတဲ့လား"
ဆုယောင်က သူမကို တွေ့တွေ့ချင်း အမေဟု ခေါ်လိုက်သဖြင့် ကျန့်ချင်းက အံ့ဩပြီး အသက်ရှူရန်ပင် မေ့သွားတော့သည်။
တစ်ဖက်တွင်လည်း ဆုယောင်က တဒင်္ဂ စိတ်လွတ်သွားခြင်း ဖြစ်မည်ဟု တွေးကာ "တောင်းပန်ပါတယ် တောင်းပန်ပါတယ်။ အချိန်အကြာကြီး ရိုက်ကူးရေး လုပ်လိုက်ရလို့ ကျွန်မ လူမှားသွားတယ် ထင်တယ်" ဟုပြောပြီး တောင်းပန်လိုက်သည်။
ထို့နောက် ဆုယောင်က အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ပြုံးလိုက်ကာ "ဒီကအစ်မရဲ့ မျက်လုံးက ကျွန်မအမေရဲ့ မျက်လုံးနဲ့ အရမ်းတူနေလို့ လူမှားသွားတာပါ။ တောင်းပန်ပါတယ်နော်" ဟု ထပ်ပြောလိုက်သည်။
ထိုသို့ ရှင်းပြပြီးနောက် လျှောက်လမ်းထဲမှ လေထုက ရုတ်တရက် ပြန်လည်နွေးထွေးလာခဲ့သည်။
ထိုအချိန်တွင် ကျန့်ချင်း၏ စိတ်အခြေအနေက အတက်အကျ ဖြစ်နေပြီး နီရဲနေသော မျက်လုံးများဖြင့် တည့်တိုးပြောဆိုလိုက်သည်။
"ဒါပေမယ့် အန်တီလည်း သမီးကို ပထမဆုံး မြင်မြင်ချင်းမှာပဲ သမီးက အန်တီ့ရဲ့ သမီးနဲ့ တူတယ်လို့ ထင်သွားတာ"