အပိုင်း(၁၅) "လည်လည်သွားမယ်" အစီအစဉ်
ဆုယောင်က ထိပ်ဆုံး ရှာဖွေမှု စာရင်းတွင် ပါဝင်သွားသဖြင့် နေ့လည်ခင်း အစည်းအဝေးပွဲမှာ ချောမွေ့သွားခဲ့သည်။
အစီအစဉ် ဒါရိုက်တာ၏ မျိုးရိုးနာမည်မှာ ကွမ်ဖြစ်၏။
ဒါရိုက်တာ ကွမ်က သဘောကောင်းသော သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်သည်။
ဒါရိုက်တာ ကွမ်က ဆုယောင်ကို နှစ်ခါပြန် ကြည့်ကာ "ဒီမိန်းကလေးက တော်တော်လှတော့ ကင်မရာထဲမှာ ကြည့်ကောင်းမှာ သေချာတယ်။ ဒီနေ့ပဲ စာချုပ် ချုပ်လိုက်ကြတာပေါ့။ မင်းတို့ အရင်စာချုပ်ကို ဖတ်ကြည့်လိုက်ပါဦး" ဟု ပြောလိုက်သည်။
ရန်ယိဖန်းက စာချုပ်ကို ဂရုတစိုက် သေချာဖတ်လိုက်သောအခါ စာချုပ်တွင် ပြဿနာ မရှိသည့်အပြင် အနုပညာကြေးမှာလည်း မျှော်မှန်းထားသည်ထက် ပိုပေးထားကြောင်းကို တွေ့လိုက်ရသည်။
ဆုယောင်က အနုပညာကြေးကို တွေ့လိုက်သောအခါ မျက်လုံးများ ကျယ်သွားပြီး "ဒါကြောင့် လူတွေက အနုပညာ လောကထဲကို ဝင်ချင်နေကြတာကိုး" ဟု တွေးမိလိုက်သည်။
ထို့နောက် ဒါရိုက်တာကို ရုတ်တရက် ပြုံးပြကာ "ကျေးဇူးတင်ပါတယ် ဒါရိုက်တာကြီး။ ရှေ့လျှောက် ကျွန်မကို သင်ကြားပေးပါဦးနော်" ဟု ပြောလိုက်၏။
"သင်ကြားစရာတော့ မရှိပါဘူး။ ကျွန်တော့်မှာ ဇာတ်ညွှန်း မရှိဘူး။ သဘာဝအတိုင်း သွားလာတဲ့ ပုံစံတွေကိုပဲ ရိုက်မှာ။ ရိုက်ကူးရေး အတွက်ကတော့ မင်းရဲ့ လှုပ်ရှားမှုပေါ်မှာပဲ မူတည်တယ်"
"ဟုတ်ကဲ့"
နောက်ဆုံးတွင် သုံးယောက်သား ကုမ္ပဏီသို့ ပြန်သွားကာ စာချုပ်ကို အထပ်ထပ် အခါခါ ပြန်ဖတ်ပြီး ပြဿနာ လုံးဝ မရှိသဖြင့် ပျော်ရွှင်စွာ လက်မှတ်ထိုးလိုက်ကြတော့သည်။
ကုမ္ပဏီက လူများကလည်း ဆုယောင်၏ ရှာဖွေမှု ထိပ်ဆုံး စာရင်းကြောင့် ဆုယောင်အပေါ် အမြင်ပြောင်းသွားကာ လှိုက်လှိုက်လဲလဲ ဆက်ဆံနေကြသဖြင့် ဆုယောင်က မနေတတ်တော့ပေ။
ထို့ကြောင့် ရန်ယိဖန်းက "ဒီနယ်ပယ်က အမြဲတမ်း ဒီလိုပဲ။ အရင်ကဆို မင်းကို နင်းခြေချင်နေကြတာ။ ခုနာမည်လည်း ကြီးသွားရော ပြောင်းလဲသွားကြတာပဲ တွေ့လား။ ရသစုံ အစီအစဉ်တွေမှာ နာမည်ကြီးသွားတဲ့ အနုပညာရှင်တွေက အမြဲတမ်း နာမည်ကြီးသွားတာ" ဟု ပြောလိုက်သည်။
ဆုယောင်က လေးပင်စွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"ကဲ၊ လာ။ အစ်ကို မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်"
ရန်ယိဖန်းက ရသစုံ အစီအစဉ်ကိစ္စကြောင့် ပျော်ရွှင်နေကာ ပေါ့ပါး သွက်လက်နေတော့သည်။
ဆုယောင်က ဒရိုက်ဘာ၏ ဘေးခုံတွင် ဝင်ထိုင်
လိုက်ကာ ရီပင်းရှန် စားသောက်ဆိုင်သွားမည့် အကြောင်းကို ထုတ်မပြောခဲ့ပေ။
ထုတ်မပြောရသည့် အကြောင်းမှာလည်း ပိုက်ဆံနှမြော၍ မဝယ်ကျွေးချင်သောကြောင့် မဟုတ်။
ခဏကြာသောအခါ ရန်ယိဖန်းက ကင်မရာထဲတွင် ကြည့်ကောင်းနေရန်အတွက် ဝိတ်ချရမည့် အကြောင်းကို မှာကြားလိုက်သည်။
အိမ်အပြန်လမ်းတွင် ရန်ယိဖန်းက ရသစုံ အစီအစဉ်အကြောင်းကို ပြောနေရင်းဖြင့် "ဪ၊ ဟုတ်သားပဲ။ မင်း မစ္စတာ စုန့်နဲ့ အဆက်အသွယ် ရှိသေးလား" ဟု မေးလိုက်သည်။
"စုန့်ရန်ကို ပြောတာလား။ မရှိပါဘူး"
"အဲ့ဒါ ကောင်းတယ်"
....
ရန်ယိဖန်းက ဆုယောင်ကို အိမ်အထိ လိုက်ပို့လိုက်
ပြီး ဆုယောင်၏ ခေတ်မမှီတော့သော အဝတ်အစားနှင့် ဖိနပ်တို့ကို ကြည့်ကာ အသစ်ဝယ်ပေးရန် ဆုယောင်ကို ဈေးဝယ် စင်တာသို့ ထပ်ခေါ်သွားတော့သည်။
ဆုယောင်က ညနေခင်းတစ်ခင်းလုံး ဈေးဝယ် ထွက်နေရပြီး ညဘက်တွင်လည်း မအားလပ်ခဲ့ပေ။
ရန်ယိဖန်းက ဆုယောင်ကို အလှပြင်ဆိုင်သို့ ခေါ်သွားကာ မျက်နှာနှင့် ခန္ဓာကိုယ် တစ်ခုလုံးကို ပေါင်းတင်ခိုင်းလိုက်သည်။
ဆုယောင် အလှပြင်ဆိုင်မှ ထွက်လာသောအခါ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးက လင်းထွက်နေတော့၏။
"အင်း...မိုက်သွားပြီ"
ရန်ယိဖန်းက တောက်ပနေသော ဆုယောင်ကို ကြည့်ကာ "ကင်မရာထဲမှာတော့ လုံးဝ ကြည့်ကောင်းနေမှာ သေချာတယ်" ဟု ကျေနပ်မှုအပြည့်ဖြင့် မှတ်ချက်ပေးလိုက်သည်။
"..."
ထိုအချိန်တွင် အစားကောင်းကောင်း မစားရသည်မှာ ဆယ်ရက်ခန့်ပင် ရှိနေပြီ ဖြစ်သော စုန့်ယန်က လျန်ယွဲ့ကို ခေါ်ကာ ရီပင်းရှန် စားသောက်ဆိုင်သို့ ရောက်လာခဲ့သည်။
စုန့်ရန်က ရီပင်းရှန်၏ အမြဲတမ်း စားသုံးသူ ဖြစ်နေသောကြောင့် စားပွဲထိုးက ထွေထွေးထူးထူး မမေးတော့ဘဲ "ဒီနေ့လည်း မှာနေကြအတိုင်းပဲလား မစ္စတာ စုန့်" ဟု မေးလိုက်သည်။
"အင်း၊ ပုံမှန်အတိုင်းပဲ"
စုန့်ရန်၏ လေသံက ပုံမှန်ဖြစ်နေသော်လည်း လျန်ယွဲ့ တစ်ယောက်တည်းသာ စုန့်ရန် စိတ်မကြည်ကြောင်းကို သိနေခဲ့သည်။
ရီပင်းရှန်တွင် ပထမအဆင့် စာဖိုမှူး ချက်သော ဟင်းပွဲများနှင့် ဒုတိယအဆင့်၊ တတိယအဆင့် စာဖိုမှူး ချက်သော ဟင်းပွဲများ ဟူ၍ အမျိုးအစား ခွဲခြားထား၏။
ထိုဟင်းပွဲများကို အခြားသူများက မခွဲခြားနိုင်သော်လည်း စုန့်ရန်ကမူ ကောင်းကောင်း ခွဲခြားနိုင်သည်။
ရီပင်းရှန်တွင် ဟင်းပွဲများကို အမြန် လာချပေးတတ်သဖြင့် မှာပြီး ဆယ်မိနစ်ခန့် ကြာသောအခါ စုန့်ရန် ရှေ့သို့ ဟင်းပွဲများ ရောက်လာခဲ့၏။
စုန့်ရန်က မြည်းကြည့်လိုက်သောအခါ အရသာနှင့် အပြင်အဆင်က တူညီနေသော်လည်း အနည်းငယ် ပြောင်းလဲနေကြောင်းကို ခံစားမိသွားသည်။
"ငါ့ကို အထင်သေးပြီး လှည့်စားဖို့ ကြိုးစားနေတာလား။ ဒီဟင်းပွဲကို ဒုတိယအဆင့် စာဖိုမှူးက ချက်ထားတာမလား" ဟု ပြောကာ တူကို စားပွဲပေါ်သို့ ပစ်ချပြီး ထထွက်သွားတော့သည်။
လျန်ယွဲ့ကမူ ပို၍ ချေးများလာသော စုန့်ရန်ကို ကြည့်ကာ တစ်ခုခုကို သတိရသွားဟန်ဖြင့် "မိန်းကလေး ဆု ပေးထားတဲ့ ကင်ချီ ရှိတယ်လေ၊ သူဌေး။ စားလို့လည်း ရနေလောက်ပြီကို သူဌေးက ဘာလို့ မစားတာလဲ" ဟု မေးလိုက်သည်။
"ကင်ချီက အရသာ ရှိလို့လား"
သို့သော် စုန့်ရန်က ဆုယောင် ပြုလုပ်ထားသော အစားအသောက်များမှာ သူ၏ အကြိုက်နှင့် ကိုက်ညီတတ်သဖြင့် စိတ်ထဲမှ "နည်းနည်းလောက် မြည်းကြည့်ပြီးမှ လွှင့်ပစ်မယ်" ဟု တွေးလိုက်သည်။
စုန့်ရန်က ဟာနေသော ဗိုက်နှင့် အိမ်သို့ အလျင်အမြန် ပြန်လိုက်တော့၏။
တစ်နာရီ ကြာပြီးသွားသောအခါ စုန့်ရန်က နှုတ်ခမ်းတွင် ပေနေသော ကင်ချီရည်များကို ယက်လိုက်ကာ "ဆုယောင် အခု ဘာလုပ်နေလဲ" ဟု မေးလိုက်သည်။
"သိပ်မကြာခင်ကပဲ မိန်းကလေး ဆုရဲ့ အေဂျင်စီက ခရီးသွား အစီအစဉ် တစ်ခုနဲ့ စာချုပ် ချုပ်လိုက်တယ်လို့ ကြားတယ်"
"အဲ့အစီအစဉ် နာမည်က ဘာလဲ။ ဘယ်တော့ စရိုက်မှာလဲ။ ရင်းနှီးမြှုပ်နှံသူရော ရှိလား"
လျန်ယွဲ့က စုန့်ရန်၏ မေးခွန်းကို သဘောပေါက်သဖြင့် အစီအစဉ် အကြောင်းကို အသေးစိတ် ရှင်းပြလိုက်၏။
....
"လည်လည်သွားမယ်" အစီအစဉ်ကို ဇွန်လတွင် စတင် ရိုက်ကူးခဲ့သည်။
ပါဝင် ရိုက်ကူးမည့် ဧည့်သည်များ၏ စာရင်းလည်း ထွက်လာပြီ ဖြစ်ကာ အမျိုးသား လေးယောက်နှင့် အမျိုးသမီး သုံးယောက် ဖြစ်၏။
ဧည့်သည်များ အားလုံး (၂၀) နှင့် (၃၀) ကြားတွင် ရှိကြပြီး အသက်အကြီးဆုံးမှာ (၃၇) နှစ် ဖြစ်သည်။
ဧည့်သည်များက အဆိုတော်၊ သရုပ်ဆောင်နှင့် အိုင်ဒေါများ ဖြစ်ကြ၏။
အားလုံးထဲတွင် သူမ တစ်ယောက်တည်းသာ မကြာခင်ကမှ နာမည်ကြီးလာသူ ဖြစ်သဖြင့် အနည်းငယ်
သိမ်ငယ်မိသွားသည်။
ထို့အပြင် နာမည် မဖော်ထားသော ဧည့်သည် တစ်ယောက်ကိုလည်း တွေ့လိုက်သဖြင့် အနုပညာ အသိုင်းအဝိုင်းထဲမှ ဖြစ်မည်ဟု ဆုယောင်က တွေးလိုက်၏။
ဆုယောင်က ဧည့်သည် စာရင်းကို ကြည့်ပြီး စိတ်ညစ်သွားသဖြင့် "စိတ်မပူပါနဲ့။ သူတို့က မင်းကို တစ်ခုခု ပြောချင်ရင်တောင် ကင်မရာ ရှေ့မှာတော့ မင်းကို အခက်တွေ့အောင် လုပ်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ထားထား" ဟု ရန်ယိဖန်းက ကြည့်ကာ အားပေးလိုက်သည်။
ထို့ကြောင့် ဆုယောင်က အားတင်းကာ "သေရင်လည်း သေပါစေဟာ။ ပိုက်ဆံ ရှာဖို့အတွက် ငါ သွားမှ ရမယ်" ဟု တွေးလိုက်သည်။
"သွား သွား၊ အထဲဝင်တော့"
ရန်ယိဖန်းက တံခါးကို ဖွင့်ပေးကာ ဆုယောင်ကို အားပေးလိုက်သည်။
ဆုယောင်က ပစ္စည်းများကို သယ်ကာ ကားပေါ်မှ ဆင်းလိုက်၏။
"လည်လည်သွားမယ်" အစီအစဉ်မှာ နှစ်စဉ်နှစ်တိုင်း ရိုက်ကူးလေ့ရှိပြီး တစ်နှစ်မှ မပျက်ကွက်သေးသဖြင့် ဝါရင့် အစီအစဉ်ဟု သတ်မှတ်၍ပင် ရနေပြီဖြစ်သည်။
ဆုယောင်က ရိုက်ကူးရေး အခန်း၏ တံခါးအရှေ့တွင် ရပ်လိုက်သောအခါ အခန်းထဲမှ ရယ်မောသံများကို ကြားလိုက်ရ၏။
ထို့ကြောင့် အသက်ကို ပြင်းပြင်းရှူကာ ပစ္စည်းများကို သယ်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။
"အားလုံးပဲ၊ မင်္ဂလာပါ"
ဆုယောင်၏ နှုတ်ဆက် စကားသံကြောင့် ရယ်မောသံများက ရပ်တန့်သွားကာ ပြုံးပြနေသော ဆုယောင်ကို လှမ်းကြည့်လိုက်သည်။
"အာ၊ ဆုယောင်၊ ရောက်လာပြီလား"
"လာလေ။ အစားအသောက် မှာမလို့ မင်းကို စောင့်နေကြတာ။ မင်း ဘယ်လိုမျိုးတွေ ကြိုက်လဲ။ အစပ်လား။ အငံလား။ အချိုပွဲရော ဘာစားချင်လဲ။ ဒီဆိုင်က စားလို့ ကောင်းတယ်။ မဆိုးဘူး"
ရောက်နှင့်နေသော ဧည့်သည်တစ်ယောက်က ဆုယောင်ကို ထနှုတ်ဆက်လိုက်သဖြင့် ဆုယောင်က စိတ်အေးသွားကာ "အစ်ကို ရန်၊ ပြောသလိုပဲ ကင်မရာရှေ့မှာတော့ ငါ အရှက်ခွဲ မခံရလောက်ဘူး။ ငါ တစ်ယောက်တည်း စိတ်ပူနေတာ နေမှာပါ" ဟု တွေးလိုက်ပြီး စိတ်သက်သာရာ ရသွားတော့သည်။
"မင်း ဘာလို့ တံခါးဝမှာ ရပ်နေတာလဲ"
ထိုအချိန်တွင် ဆုယောင်၏ အနောက်မှ စိတ်မရှည်သော ယောက်ျားသံ ထွက်လာသဖြင့် ဆုယောင်က လှည့်ကြည့်လိုက်ရာ ထိတ်လန့်သွားတော့သည်။
"ဟင်၊ စုန့်ရန်၊ ရှင် ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"
"သူငယ်ချင်း တစ်ယောက် ဖိတ်ထားလို့ လာလည်တာ"
စုန့်ရန်၏ အကြည့်က ဆုယောင်၏ လက်ထဲမှ အရာဆီသို့ ရောက်သွားကာ ရှေ့တိုး၍ အနံ့ခံလိုက်ပြီး "လတ်ဆတ်တဲ့ ဟင်းရည် ယူလာတာလား" ဟု မေးလိုက်သည်။
ဆုယောင်က စုန့်ရန်၏ အနံ့ခံ အာရုံကို အံ့ဩသွားကာ "ဒီကြောင်ပေါက်က ခွေးထက်တောင် နှာခေါင်းကောင်းနေပါလား" ဟု စိတ်ထဲမှ ရေရွတ်လိုက်၏။
...…….................................
.........................................
အပိုင်း (၁၅) ပြီးပါပြီ။