Chapter 64
Yamin AungAugust 15, 2023
အပိုင်း (၆၄) ချိစ်ဟော့ဒေါ့လူတစ်ယောက်လျော့နေသဖြင့် ရိုက်ကူးရေး လုပ်နေသည့် အချိန်တိုင်း တစ်ခုခုလိုနေသလို ခံစားနေရသည်။
ဆုယောင်မှလွဲပြီး အခြားသူများက ရေကန်ထဲတွင် မစ်ရှင်လုပ်နေကြပြီး ဆုယောင်ကိုမူ ဒါရိုက်တာက ကမ်းစပ်တွင် နာရီဝက်ကြာအောင် ထိုင်စောင့်ခိုင်းထားခဲ့သည်။
တည်းခိုအိမ်သို့ ပြန်ရောက်သောအခါ ဂျီအန်းဝမ်နှင့် ချောင်မန်လင်းတို့က နေ့လယ်စာချက်ရန် ရုန်းကန်နေကြတော့သည်။
ဟဲယွမ်ဟန်ကမူ ခေါက်ဆွဲပြုတ်သာ စားပြီး ရောင့်ရဲနေခဲ့သည်။
ဆုယောင်က သူမအတွက် ပေါင်မုန့်နှင့် နွားနို့ ဝယ်စားပြီး ခေါက်ဆွဲပြုတ် စားနေကြသော သူများကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
နေ့တစ်နေ့ မကုန်ခင်၌ပင် အဖွဲ့သားများက ပြင်းပြင်းထန်ထန် ခံစားနေကြရသည်။
အဖွဲ့သားများက Lucerne သို့မြန်မြန် သွားရန် ဆုံးဖြတ်ခဲ့ကြပြီး ရိုက်ကူးစရာ ရှိသည့် ကိစ္စများကို မြန်မြန် ရိုက်ကူးလိုက်ကြသည်။
အကြောင်းမှာ ပြင်သစ်သို့ မြန်မြန်သွားပြီး စုန့်ရန်ကို သွားတွေ့ချင်သောကြောင့် ဖြစ်သည်။
စုန့်ရန်မပါဘဲ ရိုက်ကူးရေး ခရီးစဉ်က အဆင်မချောခဲ့ချေ။
ခရီးသွားကားက အဝေးပြေးလမ်းမကြီးပေါ်တွင် အလျင်အမြန် ခုတ်မောင်းနေခဲ့ပြီး ခေတ်မီတိုးတက်လာသော ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းက မြို့တစ်မြို့နှင့် တစ်မြို့ ကူးသန်းသွားလာရေးကို သိပ်မကြာစေတော့ပေ။
လမ်းတစ်လျှောက်တွင် အဖွဲ့သားများက အဝေးတွင် ရှိနေသော နှင်းဖုံးလွှမ်းနေသည့် Alps တောင်တန်းကို လှမ်းကြည့်ပြီး စိတ်လှုပ်ရှားနေကြသည်။
အကယ်၍ တစ်စုံတစ်ရာ မရှိလျှင်ပင် ထိုနေရာသို့ သွားလည်ပြီး ရှုခင်းကြည့်ရသည်ကပင် တန်နေပြီ ဖြစ်သည်။
အဖွဲ့သားများက အလုပ်သုံးခုကို ပြီးမြောက်အောင် လုပ်ပေးရမည် ဖြစ်သဖြင့် အားလုံးက ကြိုးရထားစီးပြီး ရှုခင်းကြည့်ရန်အလုပ်၊ Geneva သို့သွားပြီး ရေပန်းကို သွားကြည့်ရန်အလုပ်နှင့် နှင်းလျှောစီးခြင်းအလုပ်ကို လုပ်မည်ဟု ရွေးလိုက်ကြသည်။