Chapter 115
Yamin AungSeptember 30, 2023
အပိုင်း (၁၁၅)ဆုယောင်တို့က ဧည့်လမ်းညွှန် နော်မန်၏ ဦးဆောင်မှုဖြင့် လိုအပ်သော ပစ္စည်းများ ဝယ်ယူရန် စူပါမားကတ်ဆီသို့ ထွက်လာခဲ့ကြသည်။
စူပါမားကတ်ထဲတွင် အဖွဲ့သားများက မဝယ်ဘဲ လျှောက်ကြည့်နေကြသဖြင့် ဆုယောင်က "ဝယ်ကြလေ။ ဘာလုပ်နေကြတာလဲ" ဟု မေးလိုက်ရာ အိုက်ချီချီက "အစ်မဆုယောင်က စားဖိုမှူးဆိုတော့ အစ်မပဲ ရွေးဝယ်လိုက်လေ" ဟု ပြန်ပြောလိုက်သဖြင့် ဆုယောင်က စိတ်ခုသွားကာ "စားသောက်ဆိုင်ဖွင့်တာ တစ်ယောက်တည်းကိုပဲ မှီခိုလို့မရဘူး။ အရှေ့မျက်နှာစာတစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ဘူး။ ဟင်းချက်လက်ရာကောင်းမှ ဖြစ်မှာ။ အဲ့ဒါကြောင့် ဒီည အကုန်လုံး အိမ်မှာ လေ့ကျင့်လာတဲ့ဟင်းတွေ ချက်ကြည့်ကြမယ်" ဟု ပြန်ပြောလိုက်သည်။
ထို့ကြောင့် အဖွဲ့သားများက အချိန်အတော်ကြာ ဆွံ့အသွားရာမှ ဒေါင်တုံးကျယ်က ဦးဆောင်ပြီး "ကျွန်တော် အိမ်မှာ အာလူးငရုတ်သီးမျှင်ကြော်ကို လေ့ကျင့်ထားတယ်။ ခဏနေရင် လက်စွမ်းပြမယ် အစ်မ ဆုယောင်" ဟုတက်ကြွစွာ ပြောလိုက်သည်။
"ငါက ခရမ်းသီးမွှေကြော် ချက်တတ်တယ် ဆုယောင်"
"ငါက ကြက်ဥ ခရမ်းချဉ်သီးမွှေကြော် ချက်တတ်တယ်"
နောက်ဆုံးအနေဖြင့် ရန်ချင်းက "ငါတော့ အိမ်မှာ သခွားသီးသုပ်ကို လေ့ကျင့်လာတယ်။ ဒါပေမယ့် အခုထိ အစပ်အဟပ် မတည့်သေးဘူး။ ကြည့်ပေးဦးနော် ဆုယောင်" ဟု ပြောလိုက်သည်။
ဤသို့ဖြင့် စူပါမားကတ်တွင် လိုအပ်သည့် ပစ္စည်းများ အသီးသီး ဝယ်လိုက်ကြပြီးနောက် စားသောက်ဆိုင်ဆီသို့ ပြန်လာခဲ့ကြသည်။
ဆုယောင်က ဝက်နံရိုးအတိုထုပ်ကို မီးဖိုချောင် စားပွဲပေါ်သို့တင်ပြီး အိုး၊ ခွက်များကို အရင်ဆေးလိုက်သည်။
ထိုအခါ အမှတ်ဝင်ယူချင်သော ဒေါင်တုံးကျယ်က "အစ်မ ဆုယောင်....ကျွန်တော့်ရဲ့ ဟင်းက ချက်ရတာ မြန်တော့ အစ်မချက်တာကို ကြည့်ပြီး သင်ယူလို့ ရမလား" ဟု မေးလိုက်သည်။