Chapter 72
Yamin AungAugust 25, 2023
အပိုင်း (၇၂) ကောက်ညှင်းထုပ်"နင်တကယ် အများကြီး ယူလာတာပဲ"
ဗီလာသို့ပြန်ရောက်လာသောအခါ အဖွဲ့သားများက ပိုက်ဆံအများကြီး သုံးလိုက်ပြီးနောက် ပြန်ရလာသော ပစ္စည်းများကို ကြည့်ပြီး မယုံနိုင် ဖြစ်နေကြသည်။
အထူးသဖြင့် Kasbah Hotel ၌ နှစ်ညတာ စရိတ်ငြိမ်း တည်းခိုခွင့်ရသည့် အထူးဆုက အံ့ဩစရာ အကောင်းဆုံး ဖြစ်သည်။
ထို့ကြောင့် ဂျီအန်းဝမ်က ရိုက်ကူးရေး အဖွဲ့သားများဆီသို့ လျှောက်သွားကာ "မင်းတို့ နောက်ကွယ်က လုပ်ထားတာလား" ဟု မေးလိုက်သည်။
ဂျီအန်းဝမ်အပြင် ဆုယောင်ကလည်း ရိုက်ကူးရေးအဖွဲ့က သူတို့၏ လုပ်ရပ်ကို စုန့်ရန် စစ်ဆေးမည်ကို စိုးရိမ်ပြီး အလျော်ပေးလိုက်သည်ဟု သံသယဝင်နေခဲ့သည်။
"ဒါတကယ် ငါတို့လုပ်ခဲ့တာ မဟုတ်ဘူး"
ရိုက်ကူးရေးအဖွဲ့က ထပ်တလဲလဲ ရှင်းပြနေသော်လည်း အဖွဲ့သားများက မယုံကြသဖြင့် ပီဒီများက ဆုယောင်တို့ ထွက်သွားပြီး နောက်ပိုင်း ရိုက်ကူးထားသော မြင်ကွင်းများကို ဖွင့်ပြလိုက်ကြသည်။
စားသောက်ဆိုင်တွင် ဆုယောင်တို့ ပြန်သွားသောအခါ အကြီးဆုံးဆုက ပါသွားသဖြင့် ဆိုင်ပိုင်ရှင်က စိတ်ဆိုးပြီး တရားခံလိုက်ရှာရာ နောက်ဆုံးတွင် သူ၏သားက ခုံအောက်တွင် ဖွက်ထားသော အနီရောင်ဘောလုံးကို ကံစမ်းမဲပုံးထဲသို့ ထည့်လိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့် ဆိုင်ပိုင်ရှင်က ကလေးကို ရိုက်ပြီး အော်ဟစ်ဆူပူတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်မှ အဖွဲ့သားများက နားလည်သွားကြပြီး လင်းရန်ချီကို ကြည့်သော အကြည့်များပါ ပြောင်းလဲသွားကြတော့သည်။
"ဒီကိုလာခဲ့ လင်းရန်ချီ"
ချောင်မန်လင်းက လင်းရန်ချီကို လှမ်းခေါ်လိုက်ပြီး လင်းရန်ချီ၏ဆံပင်များကို ပါပီလေးတစ်ကောင်ကဲ့သို့ ပွတ်သပ်လိုက်သည်။
"ဘာလုပ်တာလဲ"
"ဘာမှမလုပ်ပါဘူး။ နင့်ရဲ့ ကံကောင်းမှုတွေကို မျှယူတာ"