Chapter 97
Yamin AungSeptember 19, 2023
အပိုင်း (၉၇)တစ်ပတ်ကြာသွားပြီးနောက် ဆုယောင်က "လည်လည်သွားမယ်" အစီအစဉ်၏ ကျေးဇူးကြောင့် အလုပ်များနေခဲ့သည်။
အဆက်မပြတ် အလုပ်လုပ်နေရမှုကြောင့် ကျန့်ချင်းနှင့် ဆုချန်းဝမ်တို့က ဆုယောင်၏ ခန္ဓာကိုယ် အားနည်းလာမှုကို သတိထားမိလာကြသည်။
ထို့ကြောင့် နေ့စဉ်နေ့တိုင်း ဆုယောင်အတွက် ပူနွေးသော အာဟာရစွပ်ပြုတ်ကို ပြုတ်တိုက်ခဲ့ကြသည်။
ဤသို့ဖြင့် ဆုယောင်၏ မူးတတ်သော အကျင့် လျော့နည်းလာပြီး ခန္ဓာကိုယ်က ပို၍ သန်မာလာခဲ့သည်။
ဆုယောင်က ဤအခိုက်အတန့်ကြောင့် အလွန်ပင် ပျော်ရွှင်နေပြီး ကျန့်ချင်းကို တွေ့တိုင်း ကျန့်ချင်း ကိုယ်ပေါ်တွင် မှီကာ ကလေးတစ်ယောက်ကဲ့သို့ ကပ်ချွဲနေခဲ့သည်။
"အမေရှိတာ ကောင်းလိုက်တာ။ အမေ့ကို အရမ်းချစ်တာပဲ"
"ဒီအမေနဲ့ ဒီသမီး နှစ်ယောက်ပဲ ရှိတာကို သမီးက အမေ့ကို မချစ်လို့ ဘယ်သူက လာချစ်မှာလဲ"
"အဖေချစ်မှာပေါ့"
ကျန့်ချင်းက ဆုယောင်အနားတွင် စောင့်ရှောက်နေသည့် အချိန်တွင် ဆုချန်းဝမ်က စားသောက်ဆိုင်၌ တစ်နေကုန် ကြီးကြပ်ကွပ်ကဲနေခဲ့ပြီး အိမ်သို့ ပြန်လာသည့်အချိန်တိုင်း စွပ်ပြုတ်ပူပူ တစ်ခွက်ကို ချက်ပြုတ်ပေးတတ်သည်။
ဆုယောင်၏ စကားကြောင့် ကျန့်ချင်းက ပြုံးလိုက်ကာ ဆုယောင်၏ ပါးကို ညှစ်ပြီး "သမီးကရော။ အမေတော့ သမီးနဲ့ တွဲရိုက်တဲ့ ကောင်လေးတွေကို သဘောကျတယ်။ အထူးသဖြင့် သမီးနဲ့ သတင်းထွက်နေကျ ကောင်လေးကို ပိုသဘောကျတယ်။ သူလည်း လူလွတ်ပဲမလား" ဟု မေးလိုက်သည်။
"အမေ ဘာလို့ ရုတ်တရက်ကြီး ဒီကိစ္စ ထပြောတာလဲ"