Chapter 103
Yamin AungSeptember 22, 2023
အပိုင်း (၁၀၃)လေယာဉ်ပေါ်သို့ တက်ရန် ပြင်နေကြသော ဆုကျန်းတို့က ထိုအခြင်းအရာကို မသိကြသေးပေ။
သူတို့၏ ဘေးတွင် သန်မာပြီး မာကျောသည့် အသွင်အပြင်နှင့် ယောက်ျားတစ်ယောက်က ထိုင်နေပြီး ဘေးနားမှ လူများက ထိုလူကို ကြောက်ပြီး ရှောင်သွားကြသည်။
သို့သော် ဆုကျီဟောက်က မကြောက်ဘဲ ထိုလူ၏ ပခုံးကို ပုတ်လိုက်ကာ "နောက်နာရီ အနည်းငယ်လောက်ဆို ကျွန်တော့်အစ်မနဲ့ တွေ့ရတော့မယ်နော်။ အစ်ကိုပျော်လား" ဟု မေးလိုက်သည်။
"ဒါက ကောင်းပါ့မလား"
"ဘာမကောင်းတာရှိလို့လဲ။ ကျွန်တော့် အစ်မက အရမ်းလှတယ်။ တကယ်လို့ ပိုက်ဆံမရရင်တောင် အစ်ကိုက အစ်မကို ယူလိုက်လို့ရတာပဲလေ"
တုချင်းက ဆုကျီဟောက်၏ စကားများကို နားထောင်ပြီး ဘာမှ ပြန်မပြောတော့ဘဲ ရစရာရှိသော အကြွေးများကို စိတ်ထဲမှ တွက်လိုက်ကာ မျက်လုံးမှိတ်၍ အနားယူလိုက်သည်။
တုချင်းက စိတ်ထဲမှ ယခုတစ်ခေါက်တွင် အကြွေးသေချာပေါက် ပြန်ရတော့မည်ဟု မျှော်လင့်နေခဲ့သည်။
"နာမည်ကြီးက ပိုက်ဆံမရှိဘဲ နေမှာတော့ မဟုတ်လောက်ဘူး"
တုချင်း မျက်လုံးမှိတ်၍ အနားယူနေသည့် ပုံကို ကြည့်ပြီး ဆုကျန်းက ဟဲချွိီလန်၏ လက်မောင်းကို ကိုင်လိုက်ကာ "ဆုယောင်က လက်ထဲမှာ ပိုက်ဆံရှိပါ့မလား" ဟု စိုးရိမ်တကြီး မေးလိုက်သည်။
"တကယ်လို့ ငါဒီတစ်လအတွင်း ပိုက်ဆံပြန်မဆပ်နိုင်ရင် လက်ဖြတ်ခံရလိမ့်မယ်"
"ရှင့်ကို ဘယ်သူက နောက်ထပ် လောင်းကစား လုပ်ခိုင်းလို့လဲ"
"ကျုပ်အများကြီး ကစားလိုက်တာမှ မဟုတ်တာ။ နှစ်ပွဲထဲ ကစားမိတာကို ဒိုင်က ကံကောင်းပြီး ကျုပ်က အများကြီး ရှုံးသွားတာ။ ဒါနဲ့ ဆုယောင်က ပိုက်ဆံရှာနိုင်နေပြီဆိုတော့ ကျုပ်တို့ ဒီတစ်ခေါက်တော့ ပိုက်ဆံရလောက်တယ်မလား"