အပိုင်း (၁၀၅)
ဆောင်းလယ်ပွဲတော်နေ့တွင် ရီပင်းရှန်၏ အပြင်ဘက်၌ ကြေညာချက်တစ်ခုကို စာလုံးအကြီးကြီးဖြင့် ချိတ်ဆွဲထားခဲ့သည်။
ထိုကြေညာချက်မှာ ရီပင်းရှန်ကို လာရောက် စားသုံးသူတိုင်း လမုန့်နှစ်ခု အလကား စားရမည် ဟူ၍ ဖြစ်သည်။
ဧည့်သည်များက အချိုတစ်ခု၊ အငန်တစ်ခု ရွေးချယ်ပိုင်ခွင့်ရှိပြီး ကြိုက်သည့် အစာနှင့် စားနိုင်သည်။
လမုန့်ဆိုင်များက လမ်းများပေါ်တွင် ပေါများနေသော်လည်း ရီပင်းရှန်၏ လမုန့်က ထူးခြားလှသည်။
ရီပင်းရှန်၏ ပုံမှန် ဖောက်သည်များနှင့် မြို့တော်တွင် နေထိုင်သူများက ရီပင်းရှန်တွင် လမုန့် ဘယ်တော့မှ မရောင်းကြောင်းကို သိနေခဲ့ကြသည်။
ထို့အပြင် အခြားဆိုင်များက ဆောင်းလယ်ပွဲတော်အတွင်း လမုန့်ကို အပြိုင်အဆိုင် လုရောင်းနေကြသော်လည်း ရီပင်းရှန်က နှစ် (၂၀) နီးပါး မရောင်းခဲ့ဘဲ ယခုနှစ်တွင် ဤကဲ့သို့ ကြေညာလာသဖြင့် ထူးခြားနေခဲ့သည်။
ယာယီစားပွဲခုံပေါ်တွင် အစာများကို တည်ခင်းထားပြီး အရှေ့ဘက် မီးဖိုခန်းထဲတွင် စားဖိုမှူးများက လမုန့်များကို လတ်လတ်ဆတ်ဆတ် ဖုတ်ပေးနေကြသည်။
စားသောက်ဆိုင်တွင် လာစားသူများက အလကား စားနိုင်သည့် လမုန့်နှစ်ခုကို ကြိုက်နှစ်သက်သည့် အစာဖြင့် ရွေးချယ် စားသုံးပိုင်ခွင့်ရှိကြသည်။
ရီပင်းရှန်၏ လမုန့်ကို မြည်းစမ်းဖူးသွားသူတိုင်းက စွဲမက်သွားကြပြီး ဝယ်ယူရန် မေးမြန်းလာကြသောအခါ ရီပင်းရှန်က မရောင်းကြောင်းကို ဝမ်းနည်းစွာဖြင့် အသိပေးလိုက်ကြသည်။
ထို့ကြောင့် နောက်ဆုံး ကြံရာမရသည့်အဆုံးတွင် ဧည့်သည်များက ဆောင်းလယ်ပွဲတော် နောက်တစ်ရက်အတွက်ပါ ကြိုတင် ဘိုကင် တင်ကြတော့သည်။