Chapter 114
Yamin AungSeptember 30, 2023
အပိုင်း (၁၁၄)အဖွဲ့သားများ၏ မေးခွန်းများကြောင့် ဆုယောင်က ဘဝ၏ ခက်ခဲမှုကို စတင်ခံစားလာရသည်။
အဖွဲ့သားများက ခြိမ်းခြောက်မှုကို မခံစားရဘဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေခဲ့ကြသည်။
ဆုယောင်ကမူ သူမ ပြောထားခဲ့သည့်အတိုင်း သူမသိသော စားဖိုမှူး တစ်ယောက်ကို ထပ်ခေါ်ချင်ခဲ့သည်။
ထိုအခါ ဂျီချန်းက "ဆုယောင် မလာခင်က ငါတို့ ဟင်းချက်ဖို့ အတွက် ဆွေးနွေးခဲ့ကြသေးတယ်။ တကယ်လို့ အချိန်သာလောက်မယ်ဆိုရင် ငါတို့ တစ်ချို့ ဟင်းပွဲတွေကို သင်နိုင်တယ်" ဟု ပြောလိုက်သည်။
"ရိုက်ကူးရေး စတော့မှာဆိုတော့ မင်းစဉ်းစားထားတဲ့ မီနူးတွေတော့ ရှိတယ်မလား"
စာမေးပွဲဖြေရသကဲ့သို့ ဆုယောင်က နောက်ထပ်တစ်ကြိမ် မေးခွန်းများကို ထပ်မံဖြေရတော့သည်။
"ကျွန်မ ချက်နိုင်တဲ့ ဟင်းပွဲတွေတော့ အများကြီးရှိတယ်။ ဒါပေမယ့် အခု စားသောက်ဆိုင် ဖွင့်မယ့်နေရာကို မသိသေးဘူး။ နေရာတိုင်းမှာက သူ့စတိုင်နဲ့ သူ့အလေ့အထ ရှိတယ်။ ဘယ်လိုအရသာကို အဓိက စားတာလဲ။ ဘယ်လို ဟင်းပွဲတွေကို အထူးချက်တာလဲဆိုတာ ကျွန်မ မသိဘူး"
ဆုယောင်၏ စကားကြောင့် အဖွဲ့သားများက တစ်ယောက်မှ ဟင်းမချက်တတ်ကြသဖြင့် ဟင်းပွဲအမျိုးအစား အများကြီးကို မရွေးနိုင်ခဲ့ကြပေ။
ဆုယောင်က သူတို့၏ အတွေ့အကြုံနှင့် ပတ်သက်ပြီး ခြားနားသည့် အတွေးအမြင် ရှိနေသော်လည်း အဖွဲ့သားများ၏ ပျာယာခတ်နေပုံကို ကြည့်ပြီး အနည်းငယ် ရှက်လာခဲ့သည်။
ထို့ကြောင့် ဆုယောင်က စိတ်ငြိမ်အောင် ထိန်းလိုက်ကာ "တကယ်လို့ ဘာမှ မသိရင်လည်း အိမ်မှာ အိမ်ဟင်းတွေကို စမ်းချက်ကြည့်လို့ရတယ်။ ဒါနဲ့ ရှင်တို့က ဘယ်က လာကြတာလဲ။ ဘယ်လို ဟင်းမျိုးတွေကို ကြိုက်လဲ" ဟု အဖွဲ့သားများကို မေးလိုက်သည်။