အပိုင်း (၁၀) စီချွမ် ကြက်သား အစပ်
အချိန် ကြာလာသည်နှင့်အမျှ အစပိုင်းတွင် ယောက်ယက်ခတ်နေသော ကျင့်ရီပေါ်က ဟင်းချက်သည့် ကိစ္စပေါ်တွင် အာရုံစိုက်ကာ တည်ငြိမ်လာခဲ့သည်။
"ကြည့်ရတာ အခုတော့ ကျွန်တော်တို့ရဲ့ စာဖိုမှူးကျင့်က စိတ်မလှုပ်ရှားတော့ဘူး ထင်တယ်။ ပြိုင်ပွဲအချိန်ကလည်း စောသေးတယ်ဆိုတော့ ကိုယ့်အကြောင်းကို မိတ်ဆက်ပေးပါလား။ ပရိသတ်ထဲက မိန်းကလေးတွေက စာဖိုမှူး ကျင့်ကို စိတ်ဝင်စားနေပုံရတယ်။ ဒါနဲ့ စာဖိုမှူး ကျင့်က အခုထိ တစ်ယောက်တည်းပဲလားဗျ" ဟု အစီအစဉ်တင်ဆက်သူက ကျင့်ရီပေါ် အနားသို့ လာကာ ထိုသို့မေးမြန်းလိုက်သည်။
"ဟီးဟီး"
ထိုအခါ ကျင့်ရီပေါ်က ရှက်ပြုံး ပြုံးလိုက်သည်။
အစီအစဉ်တင်ဆက်သူက ပြုံးလိုက်သည့်
အကြောင်းရင်းကို မေးလိုက်သောအခါ ကျင့်ရီပေါ်က "ကျွန်တော့်ကို စာဖိုမှူး ကျင့်လို့ အခေါ် ခံရတာ ဒါပထမဆုံးအကြိမ်ပဲ" ဟု ပျော်ရွှင်စွာဖြင့် ပြန်ဖြေလိုက်သည်။
အစီအစဉ် တင်ဆက်သူ : "ဒါဆို စာဖိုမှူး ကျင့်က ခုဘယ်မှာ အလုပ်လုပ်နေတာလဲ။ တစ်ခြားလူတွေက ဘယ်လိုခေါ်ကြလို့လဲ"
ကျင့်ရီပေါ် : "ကျွန်တော်က ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ နေ့လည်စာဘူး လိုက်ရောင်းတဲ့ အလုပ်လုပ်နေတာ။ ဈေးဝယ်သူတွေကတော့ အများစုက လူကြီးတွေဆိုတော့ ကျွန်တော့်ကို ညီလေးလို့ပဲ ခေါ်ကြတယ်။ သူတို့ အကုန်လုံးကတော့ ကျွန်တော် ချက်တဲ့ ကြက်သား အစပ်ဟင်းကို အရမ်း ကောင်းတယ်။ အရမ်း ကြိုက်တယ်လို့ ပြောကြတယ်၊ ဟီးဟီး"
ကျင့်ရီပေါ်၏ ပွင့်ပွင့်လင်းလင်း ပြောထွက်လာသော စကားကြောင့် ပရိသတ်များအပြင် အကဲဖြတ်ဒိုင်များကပါ ရယ်လိုက်ကြတော့သည်။
တစ်ဖက်တွင်လည်း လျစ်လျူရှုခံထားရသော ဖန့်ချန်က "မင်းက နေ့လည်စာ လိုက်ရောင်းတာဆိုတော့ မင်းမှာ စားသောက်ဆိုင်မှာ လုပ်ဖူးတဲ့ အတွေ့အကြုံ မရှိဘူးပေါ့။ အဲ့ဒါကြောင့် ဗီဒီယိုထဲက မင်းရဲ့ ဓားကိုင်ပုံက စားသောက်ဆိုင်က စားဖိုမှူးအကူလောက်တောင် မရှိတာကိုး" ဟုရှုံ့ချ ပြောဆိုလိုက်သည်။
ထိုအခါ တည်ငြိမ်နေသော အစီအစဉ်က လှုပ်ခတ်လာသဖြင့် အစီအစဉ် တင်ဆက်သူက "ဒါဆို ကျွန်တော်တို့ရဲ့ စာဖိုမှူး ဖန့်ကရော ဘယ်လို စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ခဲ့ဖူးလဲ" ဟု မေးလိုက်သည်။
ဖန့်ချန်က သူ လုပ်ခဲ့ဖူးသော စားသောက်ဆိုင်၏ နာမည်များကို မနားတမ်း ရွတ်ပြလိုက်သည်။
ဖန့်ချန် လုပ်ခဲ့ဖူးသော စားသောက်ဆိုင်များမှာ မြို့တော်ရှိ နာမည်ကြီး စားသောက်ဆိုင်ငယ်များနှင့် ကြယ်တစ်ပွင့် ဟိုတယ် စားသောက်ဆိုင် တို့ဖြစ်သည်။
ဆုယောင်က ထိုစားသောက်ဆိုင်များကို မသိသော်လည်း လက်ခုပ်တီးကာ အားပေးလိုက်သည်။
ထို့နောက် ဖန့်ချန်က လှီးထားသော အမဲသားများကို မီးဖိုပေါ်တွင် တင်ပြီး ဘေးနားရှိ ဟင်းခတ်အမွှေးအကြိုင်များကို ကောက်ထည့်လိုက်သည်။
ပြိုင်ပွဲဝင် နှစ်ယောက်က အမေးအဖြေ ကဏ္ဍပြီးသွားသောအခါ ပြင်ဆင်မှုများလည်း ပြီးသွားပြီ ဖြစ်သဖြင့် မီးမွှေးကာ စတင်ချက်ပြုတ်တော့သည်။
"အဟွတ် အဟွတ် အဟွတ် အဟွတ်"
"မွှန်လိုက်တာ၊ အဟွတ်"
"အဟွတ်၊ မားမား၊ သား အိမ်ပြန်ချင်တယ်"
...
ပြိုင်ပွဲဝင် နှစ်ယောက်လုံးက စီချွမ်စတိုင် ဟင်းလျာများကို ချက်ပြုတ်နေကြသဖြင့် ငရုတ်သီးက အဓိက ဖြစ်နေရာ ရိုက်ကူးရေး စက်တင် တစ်ခုလုံး ငရုတ်သီးနံ့များဖြင့် မွှန်ထူသွားတော့သည်။
ထို့ကြောင့် ကြည့်ရှုသူ အားလုံးမှာ ငရုတ်သီး၏ အနံ့ကြောင့် မွှန်ကာ မျက်လုံးများပင် မဖွင့်နိုင်ကြတော့ပေ။
အထူးသဖြင့် အနီးကပ် ထိုင်နေရသော ဒိုင်လူကြီးများက ငရုတ်သီးမွှန်သည့် ဒဏ်ကို ပို၍ ခံစားနေရသည်။
ဒိုင်လူကြီးများ၏ မျက်လုံးများတွင် မျက်ရည်များဝဲကာ ချောင်းများ တဟွတ်ဟွတ် ဆိုးနေကြတော့သည်။
ဝမ်ယန်က ဆုယောင်၏ နောက်တွင် မျက်နှာကို ကွယ်ကာ "ငါ ဘာလို့ ဟင်းချက်ရတာကို မကြိုက်တာလည်း ဆိုတာကို သိသွားပြီ။ ပူပြီး ပင်ပန်းတဲ့အပြင် မွှန်တဲ့ဒဏ်ကို မခံနိုင်ဘူး။ ညီမ ဆုယောင်လည်း အမဲသားခြောက် အစပ်ကြော် ကြော်တုန်းက ဘယ်လောက်တောင် မွှန်တဲ့ဒဏ်ကို ခံခဲ့ရမလဲ။ တော်တော် ခက်ခဲခဲ့မှာပဲ" ဟု စာနာသည့် လေသံဖြင့် ပြောဆိုလိုက်သည်။
ထိုအခါ စာရွက်ဖြင့် မျက်နှာကို ကာထားသော ဆုယောင်က "ဒီလောက်တော့ မဟုတ်ပါဘူး" ဟု
ပြန်ပြောလိုက်သည်။
ရိုက်ကူးရေး စက်တင်၌ အသံ ကောင်းကောင်း ဖမ်းနိုင်ရန် အတွက် မီးဖိုများတွင် အနံ့စုပ်စက်များ မတပ်ဆင်ထားပေ။
ဆုယောင်၏ အိမ်တွင်မူ အနံ့စုပ်စက် ရှိသည့်အပြင် ပြတင်းပေါက်များ ဖွင့်ကာ အနံ့ထုတ်နိုင်သဖြင့် ယခုလောက် မမွှန်ခဲ့ပေ။
ငရုတ်သီးမွှန်နံ့မှာ အလွန် ပြင်းထန်လာသဖြင့် ရိုက်ကူးရေးအဖွဲ့က လေထုတ်စက်ကြီး နှစ်ခုကို ဖွင့်ကာ အနံ့ထုတ်ခဲ့ရသည်။
မိနစ် အနည်းငယ် ကြာသောအခါ အနံ့များ ပျောက်ကွယ်သွားတော့၏။
ဤသို့ဖြင့် (၄၅) မိနစ် အချိန်မှာ ကုန်ဆုံးသွားပြီး ပြိုင်ပွဲဝင် နှစ်ယောက်က တစ်ပြိုင်တည်း ဘဲလ်တီးလိုက်ကြသည်။
...
ဟင်းပွဲများ စားပွဲပေါ်သို့ ရောက်လာသောအခါ အကဲဖြတ်ဒိုင်များက အံ့အားသင့်သွားကြသည်။
တစ်ပွဲမှာ အနံ့မွှေးကြိုင်နေသော ကြက်သား အစပ်ဟင်း ဖြစ်ပြီး ကျန်တစ်ပွဲမှာ အမဲသား အစပ်ခြောက်ကြော် ဖြစ်သည်။
ဟင်းနှစ်ပွဲလုံးမှာ စီချွမ်ရိုးရာ အစားအစာများ ဖြစ်သဖြင့် စားချင်ဖွယ်ရာ ဖြစ်နေကြ၏။
"ကျွန်တော်တို့ ပြိုင်ပွဲဝင် နှစ်ယောက်ရဲ့ ကြက်သား အစပ်ဟင်းနဲ့ အမဲသား အစပ်ဟင်း နှစ်ခုလုံးကတော့ စားလို့ကောင်းမယ့် ပုံစံပါပဲဗျ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အကဲဖြတ် ဒိုင်လူကြီးတွေက ဘယ်ဟင်းပွဲကို ပိုကြိုက်မလဲ ဆိုတာတော့ မသိရသေးဘူးဗျ" ဟု အစီအစဉ် တင်ဆက်သူက ပြောလိုက်သည်။
"ဆရာ၊ ဆရာမတို့ မြည်းကြည့်ပြီး အကဲဖြတ်ပေးပါဦးဗျာ"
ဖန့်ချန်က ဦးစွာ သူ၏ အမဲသား အစပ်ခြောက်ကြော်ကို ယူကာ ဒိုင်လူကြီးများ အရှေ့သို့ ချပေးလိုက်သည်။
ဖန့်ချန်က သူ၏ ဟင်းပွဲကို ကိုယ်တိုင် မြည်းထားသဖြင့် စားကောင်းမည်ကို ယုံကြည်မှု အပြည့်ရှိနေခဲ့သည်။
ကျင့်ရီပေါ်၏ ကြက်သား အစပ်ဟင်းပွဲကို ကြည့်ပြီး သူ၏ အမဲသား အစပ်ခြောက် ဟင်းပွဲက ပိုကောင်းမည်ဟု ဖန့်ချန်က တစ်ထစ်ချ ယုံကြည်နေခဲ့၏။
အကဲဖြတ်ဒိုင် ငါးယောက် အမဲသား အစပ်ခြောက် ဟင်းပွဲကို မြည်းကြည့်ပြီးသောအခါ....
"ဟမ်၊ ဘာလို့ အမှတ်က အရမ်းနည်းနေတာလဲ"
ရမှတ်ထွက်လာသောအခါ ဖန့်ချန်က စိတ်ပျက် အံ့ဩသွားခဲ့သည်။
အကဲဖြတ်ဒိုင်များ၏ ပျမ်းမျှအမှတ် (၆.၂) မှတ်ကို မယုံမကြည် ပြန်ကြည့်ကာ "ကျွန်တော့်ဟင်းပွဲက ဘာမှားနေလို့လဲ။ အရသာ မရှိလို့လား" ဟုထပ်တလဲလဲ မေးမြန်းတော့သည်။
ဆုယောင်က အမဲသား အစပ်ခြောက်ကြော် ဟင်းပွဲကို ကြည့်ကာ သူမ ဘာမှ မသိသည့် ပုံစံမျိုးဖြင့် အပေါ်သို့ မော့ကြည့်နေလိုက်သည်။
အကြောင်းမှာ သူမ လုပ်လာခဲ့သော သရေစာနှင့် ပြိုင်ပွဲဝင် ချက်ပြုတ် ယှဉ်ပြိုင်ခဲ့သော ဟင်းလျာက တူညီနေသောကြောင့် ဖြစ်၏။
ဖန့်ချန်၏ ဟင်းလျာမှာ အချိန်ခဏလေးအတွင်း ပေါင်းခံအိုးထဲတွင် ထည့်ပေါင်းပြီး အကြွပ်ကြော်လိုက်သဖြင့် အသား၏ အတွင်းပိုင်းရော အပြင်ပိုင်းပါ မာနေခဲ့သည်။
အရသာ မရှိသည့်အပြင် အသားက မာနေပြီး စပ်သည့်အရသာ တစ်မျိုးတည်းကိုသာ ရနေခဲ့၏။
ထို့ကြောင့် ရမှတ်နည်းသည်မှာ ပုံမှန်ပင် ဖြစ်သည်။
အစပ်အရသာကို စတင်ကြိုက်လာသော စုန့်ရန်ကမူ ဖန့်ချန်၏ ဟင်းပွဲကို စားပြီး စိတ်မကြည်တော့ပေ။
ထို့ကြောင့် စိတ်မရှည်သည့် လေသံဖြင့် "အရသာရှိရင် ရှိတယ်ပေါ့။ မရှိရင် မရှိဘူးပေါ့။ အကြောင်းပြချက် အများကြီး ရှိနေရမှာလား" ဟု စုန့်ရန်က ပြောလိုက်သည်။
ဖန့်ချန်က စိတ်ပျက်လက်ပျက် ဆင်းသွားသောအခါ ကျင့်ရီပေါ်က သူ၏ ဟင်းပွဲကို ကိုင်ကာ အကဲဖြတ်ဒိုင်များဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်လာခဲ့သည်။
ထို့နောက် အကဲဖြတ်ဒိုင်များ၏ ဝေဖန်ချက်ကို စိတ်လှုပ်ရှားစွာ စောင့်နေခဲ့သည်။
"နောက်ဆုံးတော့ ကျွန်မ စောင့်နေတဲ့ ကြက်သား အစပ်ဟင်းကို မြည်းရတော့မှာပါလား" ဟုဆုယောင်က စိတ်လှုပ်ရှားနေသည့် ကျင့်ရီပေါ်ကို အားပေးလိုက်ကာ "ရှင် ဒီဟင်းကို ချက်နေကျမလား။ အဲ့လောက်ကြီး စိတ်ပူမနေပါနဲ့" ဟု ဆက်ပြောလိုက်သည်။
"ကျေး...ကျေးဇူးပါဗျာ"
ဆုယောင်၏ အားပေးစကားကြောင့် ကျင့်ရီပေါ်က
စိတ်အေးသွားခဲ့သည်။
ဟင်းပွဲများကို ခွဲထည့်ပြီးသောအခါ ဒိုင်လူကြိီးများက မြည်းစမ်းကြည့်ကြတော့၏။
မစားရသည်မှာ အလွန်ကြာနေပြီ ဖြစ်သဖြင့် ဆုယောင်က သူမ၏ ပန်းကန်ထဲသို့ ကြက်သား အစပ်ဟင်းကို များများယူထည့်လိုက်သည်။
ထို့နောက် မျှော်လင့်ချက် အပြည့်ဖြင့် ဆုယောင်က ကြက်သားဖတ်ကို တူနှင့်ယူကာ ပါးစပ်ထဲသို့ ပျော်ရွှင်စွာ ထည့်လိုက်တော့သည်။
ကြက်သား၏ အပြင်သားမှာ ကြွပ်ရွနေပြီး အတွင်းသားမှာ နူးညံ့နေသည်။
အချိုအရသာနှင့် အစပ်အရသာမှာ မျှတနေပြီး မီးအချိန်အဆ မှန်ကန်ကြောင်းကို ခံစားမိလိုက်သည်။
ဝါးရင်းဝါးရင်းဖြင့် စားကောင်းသည်ဟု ခံစားမိလိုက်ချိန်တွင် ဆုယောင်က မျက်နှာပျက်သွားပြီး တစ်ရှူး တစ်ရွက်ကို ယူကာ ကြက်သားဖတ်ကို ထွေးထုတ်လိုက်သည်။
ထို့နောက် ရေဘူးကို လှမ်းယူကာ မော့ချလိုက်တော့၏။
"ဒီဟင်းထဲကို ဆားဘယ်လောက် ထည့်ခဲ့လဲ စာဖိုမှူးကျင့်" ဟု ဝမ်ယန်က ရေသောက်ရင်း ပြောလိုက်ကာ ကျွန်မ ဆားခဲ ကိုက်မိသွားသလိုပဲ" ဟုထပ်ပြောလိုက်သည်။
"ဟုတ်တယ်။ အရမ်းငံတယ်"
"အရသာက ကြောက်စရာ ကောင်းလိုက်တာ"
ဒိုင်လူကြီးများက ငံသည်ဟု ဝေဖန်လိုက်သဖြင့် ကျင့်ရီပေါ်က စိတ်လှုပ်ရှားလာတော့သည်။
ထို့ကြောင့် အရှေ့သို့ လျှောက်လာကာ ကြက်သားဖတ် တစ်ဖတ်ကို ယူစားလိုက်ပြီး "မဖြစ်နိုင်တာ။ အရသာက ကောင်းပါတယ်။ မငံပါဘူး" ဟု ပြောလိုက်သည်။
ကျင့်ရီပေါ်က ထိုဟင်းလျာကို ချက်ပြုတ်ခဲ့သည်မှာ
အကြိမ်ပေါင်း မနည်းတော့သဖြင့် ဒိုင်လူကြီးများက ငံသည်ဟု ဆိုလာသောအခါ လက်မခံနိုင်ခဲ့ပေ။
လူတစ်ယောက်နှင့် တစ်ယောက် အကြိုက် မတူကြသော်လည်း ငါးယောက်စလုံး ငံသည်ဟု ပြောလာလျှင် ထိုဟင်းပွဲမှာ ပြဿနာ ရှိနေပြီ ဖြစ်သည်။
ကျင့်ရီပေါ်က အလျင်စလို ယူမြည်းလိုက်သော်လည်း ပြဿနာ၏ အရင်းအမြစ်ကို မရှာနိုင်ခဲ့ပေ။
"ကျွန်မ သိပြီ"
ဆုယောင်က ထိုသို့ ထပြောလိုက်သဖြင့် အားလုံး၏ အကြည့်က ဆုယောင်ဆီသို့ ရောက်လာခဲ့သည်။
"ရှင် ဒီနေ့ ဒီနေရာကို မလာခင်အထိ နေ့လည်စာဘူး လိုက်ရောင်းခဲ့တယ်လို့ ပြောခဲ့တယ်မလား။ ဘယ်နှစ်နှစ်လောက် ရောင်းခဲ့တာလဲ"
"ဟုတ်ကဲ့ လေးနှစ်လောက် ရောင်းခဲ့ပါတယ်"
"ဘယ်သူတွေ ဝယ်စားလဲ"
"ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမားတွေ ဝယ်စားပါတယ်"
"ရှင့်ဟင်း ငံနေရတဲ့ အကြောင်းက အဲ့ဒါပဲ။ ဒီနေ့ခေတ်မှာ လူတော်တော်များများက ကျန်းမာရေးနဲ့ ညိီညွတ်တဲ့ အစားအသောက်တွေပဲ စားနေကြတာ။ ပင်ပင်ပန်းပန်း လုပ်ရတဲ့ အလုပ်သမားတွေကျတော့ ချွေးထွက်များတော့ အငံဓာတ်ကို ပိုလိုအပ်တာပေါ့။ အဲ့ဒါကြောင့် ငံတဲ့ အစားအသောက်တွေကို ပိုကြိုက်ကြတာပေါ့"
ကျင့်ရီပေါ်မှာလည်း အလုပ်များလှသဖြင့် သူကိုယ်တိုင်အတွက် ချက်မစားနိုင်သောကြောင့် ရောင်းသည့် ဟင်းများကိုသာ ယူစားခဲ့သဖြင့် သူ၏ လက်ရာမှာ ငံမှန်းမသိ ငံလာခဲ့သည်။
"ဪ၊ အဲ့လိုကိုး"
ကျင့်ရီပေါ်က သူ၏ အမှားကို သိသွားသောအခါ ရှက်သွားတော့သည်။
"ကျွန်တော် ဘာလုပ်ရမလဲဗျာ။ ကျွန်တော် ပုံမှန်အရသာ ပြန်ရအောင် ဘယ်လိုလုပ်ရမလဲဗျာ"
ဆုယောင်က ပြန်ဖြေပေးချင်သော်လည်း ဝမ်ယန်က "ဘာတွေ ခက်ခဲနေတာလဲ။ ဒီက ဒိုင်လူကြီး ဆုက လက်ရာ အရမ်းကောင်းတယ်။ ဟင်းတွေအကုန်လုံးလည်း သူ ကောင်းကောင်းချက်တတ်တယ်။ အဲ့ဒါကြောင့် သူ့အတွက် ကြက်သား အစပ်ဟင်းက ခက်ခဲမှာ မဟုတ်ဘူး။ သူ့ကို ချက်ပြခိုင်းလိုက်" ဟု ထပြောလိုက်သည်။
ဆုယောင်က မငြင်းနိုင်တော့ဘဲ သရုပ်ပြရန် အခွင့်အရေးရလာသဖြင့် လေးလံစွာ ထကာ ပြုံးပြပြီး "ဟုတ်ပြီလေ။ ကျွန်မ ဒီဟင်းပွဲကို နည်းနည်းတော့ လေ့လာထားတယ်။ ကြိုးစားကြည့်မယ်နော်" ဟု ပြောလိုက်သည်။
ဆုယောင်က စားပွဲဆီသို့ လျှောက်သွားကာ ကြက်သားတုံးကို ကိုင်ပြီး အရိုးနှင့် အသားကို လျင်မြန်စွာ ခွဲထုတ်လိုက်သည်။
အရိုးတွင် အသားစများ မကျန်ဘဲ သပ်ရပ်နေသဖြင့် စက်ဖြင့် ခွဲထုတ်ထားသည်ဟုပင် ထင်ရတော့သည်။
ကျင့်ရီပေါ် : "..."
ပရိသတ်များ : "..."
"ဒိုင်လူကြီးက ဘာလို့ ပြိုင်ပွဲဝင်ထက်တောင် ဓားကိုင် ကျွမ်းနေရတာလဲ"
...…….................................
.........................................
အပိုင်း (၁၀) ပြီးပါပြီ။