Chapter 45
Yamin AungJuly 22, 2023
အပိုင်း (၄၅) ဝက်သားကြော်"တီ တီ"
ရင်းနှီးသောအသံ ထွက်လာသဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ဆုယောင်က မျက်လုံးကို ချက်ချင်း ဖွင့်လိုက်ကာ နှိုးစက်ကို လှမ်းပိတ်လိုက်သည်။
ထိုအခါ မနီးမဝေးရှိ တစ်ယောက်အိပ် ကုတင်ပေါ်တွင် အိပ်နေသော ဝမ်ယုက မျက်လုံး ပွင့်လာကာ ဇဝေဇဝါ ဖြစ်သွားသည့် ပုံစံဖြင့် "အစောကြီး ထပြီး ဘာလုပ်မလို့လဲ ဆုယောင်" ဟု မေးလိုက်သည်။
"ခေါင်းဆောင်နဲ့ အတူတူ ပြေးဖို့ ချိန်းထားလို့။ နင်ရော လိုက်မလား"
ဆုယောင်က အားကစား ဝတ်စုံ ဝတ်နေရင်းဖြင့် ထိုသို့ ဖိတ်ခေါ်လိုက်သည်။
ဝမ်ယုက အပြေး လေ့ကျင့်ခန်းကို စိတ်မဝင်စားသော်လည်း ဆုယောင်က ခေါင်းဆောင်နှင့်အတူ
ပြေးမည်ဟူသော စကားကို ကြားလိုက်သောအခါ အိပ်မှုန်စုတ်ဖွား ဖြစ်နေသော မျက်လုံးက ချက်ချင်း ပြူးသွားပြီး "လိုက်မယ်။ လိုက်မယ်" ဟု ထပြောလိုက်သည်။
"လိုက်မယ် ဟုတ်လား။ ဘယ်တွေ သွားကြမလို့လဲ"
ဆုယောင်၏ အပေါ်ဘက် အိပ်ယာပေါ်တွင် အိပ်နေသော ချောင်မန်လင်းက အပေါ်ဘက်မှ ခေါင်းပြူလာကာ ထိုသို့ မေးလိုက်သည်။
ဆုယောင်တို့ အိပ်ကြသော အခန်းက ကလေးများ အိပ်သော အခန်း ဖြစ်သဖြင့် အခန်း တစ်ခုလုံး အရုပ်များဖြင့် ပြည့်နေခဲ့သည်။
မနေ့ညက ဆုယောင်နှင့် ချောင်မန်လင်းတို့က နှစ်ထပ် ကုတင်ပေါ်တွင် အိပ်ခဲ့ကြပြီး ဝမ်ယုက တစ်ယောက်အိပ် ကုတင်ပေါ်တွင် အိပ်ခဲ့သည်။
ဝမ်ယုက ချောင်မန်လင်းကို အကျိုးအကြောင်း ပြောပြလိုက်သောအခါ ချောင်မန်လင်းက နှစ်ထပ် ကုတင်မှ ဆင်းလာပြီး အကြောဆန့်လိုက်ကာ "ငါလည်း လိုက်မယ်" ဟု ပြောလိုက်သည်။
"အင်း၊ ဒါဆို အတူတူ ပြေးကြမယ်လေ"
ဆုယောင်က နှစ်ယောက်လုံးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။
ချောင်မန်လင်းနှင့် ဝမ်ယုတို့၏ ရည်ရွယ်ချက်မှာ ဆုယောင်ကို စုန့်ရန်၏ လက်ထဲမှ ကာကွယ်ပေးရန် အတွက် ဖြစ်သည်။