Chapter 69
Yamin AungAugust 22, 2023
အပိုင်း (၆၉) ငါးပန်းပွင့် ချိုချဉ်ကြော်ရိုက်ကူးရေးအဖွဲ့မှ ခိုင်းစေထားသော အလုပ်များကို ဆုယောင်တို့က လုပ်ပြီးသွားခဲ့သည်။
ထို့ကြောင့် အဖွဲ့သား (၆) ယောက်က မရပ်မနားဘဲ ပြင်သစ်သို့ အပြေးအလွှား ထွက်ခွာခဲ့ကြသည်။
သို့သော် စုန့်ရန်နှင့် ပြင်သစ်တွင် တွေ့မည်ဟု ချိန်းထားကြသော်လည်း မည်သည့်မြို့၊ မည်သည့်နေရာတွင် ဆုံကြမည်ကို မသိကြသေးပေ။
ထို့ကြောင့် အဖွဲ့သားများက စခန်းချသည့်နေရာတွင် စားသောက်ပြီးနောက် စုန့်ရန်ဆီသို့ ဖုန်းခေါ်ရန် ပြင်ဆင်လိုက်သည်။
ဟဲယွမ်ဟန်က ဖုန်းခေါ်မည် အပြုတွင် စုန့်ရန်က အရင်ဆုံး ဖုန်းခေါ်လာခဲ့သည်။
စုန့်ရန်က ဖုန်းအရင်ခေါ်လာသဖြင့် အားလုံးက ပျော်ရွှင်သွားကြသည်။ အထူးသဖြင့် လင်းရန်ချီက အပျော်ရွှင်ဆုံးဖြစ်နေခဲ့သည်။
"ဟယ်လို ခေါင်းဆောင်"
ဟဲယွမ်ဟန်က ဖုန်းကိုကိုင်လိုက်ပြီးနောက် အားလုံးကြားအောင် စပီကာ ဖွင့်လိုက်သည်။
"ပဲရစ်မှာ တွေ့ကြမယ်။ ငါနေဖို့ နေရာ စီစဉ်လိုက်မယ်"
"အိုကေ ခေါင်းဆောင်"
စုန့်ရန်က တွေ့မည့်နေရာကို ချိန်းဆိုလိုက်မှ အားလုံးက စိတ်သက်သာရာရသွားခဲ့သည်။
ထို့နောက် အားလုံးက စုန့်ရန် ထွက်ခွာပြီး နောက်ပိုင်း ကြုံတွေ့ရသည့် အဖြစ်အပျက်များကို ဖောက်သည်ပြန်ချလိုက်ကြသည်။
ဆုယောင်က စားကောင်းသည့် ဟော့ဒေါ့အကြောင်းနှင့် စုန့်ရန် မရှိသည့်အတွက် နှမြောမိကြောင်းကို ပြောပြလိုက်သည်။
ထိုအခါ စုန့်ရန်က တိုးတိုးလေး ရယ်လိုက်ပြီး "ရပါတယ်။ မင်းတို့ဒီကိုလာရင် ငါမင်းတို့ကို ပွဲကြီးကြီးနဲ့ ဧည့်ခံမယ်။ အပြန်အလှန်အနေနဲ့ ငါ့ကို ငါးချိုချဉ်ကြော် နှစ်ပွဲ ပြန်လုပ်ပေးရမယ်။ ပုံထဲက ငါးက အရမ်းမကြီးဘူး" ဟု ပြောလိုက်သည်။